မက္ကဆီကိုမှာ ဖန်တနဲလ်ထုတ် မူးယစ်ရာဇာလို့ စွပ်စွဲခံရတဲ့တရုတ်ဘွဲ့ရ

လေယာဉ်တစ်စင်းအရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကျန်းကျီးဒုံကို လက်ထိပ်ခတ်လျက်သား မြင်တွေ့ရ နက်ပြာရောင် အင်္ကျီအောက်မှာ Adidas ရှပ်အင်္ကျီ ဝတ်ထားတာကို မြင်တွေ့ရ။ သူက ကင်မရာဘက်ကို မျက်နှာမူနေပါတယ်။ ကျန်တဲ့သူ နှစ်ဦးက သူ့ကို ပြောင်းပြန် ဘေးတစ်ဖက်တစ်ချပ်မှာ လက်ချင်းညှပ်ပြီး ခေါ်သွားတာတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, BBC / Secretary Omar Harfuch of Mexico's Security and Citizen Protection

    • ရေးသားသူ, ရွှမ်းယံ
    • ရာထူးတာဝန်, BBC Global China Unit
    • ရေးသားပေးပို့သည့်နေရာ, ကူလီအာခန်၊ မက္ကဆီကို
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၀

''အကို ဝမ်က သိပ်ကို အရေးပါတယ်။ သူက နံပါတ် ၁ ပဲ'' လို့ အန်းရစ်က ဟန်ပါပါ ပြုံးပြီးပြောပါတယ်။

အန်းရစ် က သူ့ နာမည်အရင်း မဟုတ်ပါဘူး။ သူကတော့ သူ့ကိုယ်သူ မက္ကဆီကိုက ဆီနာလိုအာ က ဂိုဏ်းမှာ ထိပ်ပိုင်းက ညှိနှိုင်းရေးတာဝန်ယူထားသူ လို့ ပြောပါတယ်။

ဆီနာလိုအာပြည်နယ်ရဲ့မြို့တော် ကူလီအာခန် ဆင်ခြေဖုံးရပ်ကွက်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲကနေ သူ စကားပြောနေတာ ဖြစ်ပါတယ်။ သူ့စကားကို ဘယ်သူမှ မကြားနိုင်အောင် အခုလိုနေရာကို ရွေးချယ်တာဖြစ်ပါတယ်။ အသက်သေတဲ့အထိ ပြင်းတဲ့ ဖန်တနဲလ် မူးယစ်ဆေး ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဟာ မိုင်ပေါင်း ထောင်ချီအဝေးမှာရှိတဲ့ တရုတ်စက်ရုံတွေကနေ မက္ကဆီကိုမှာရှိတဲ့ဓာတ်ခွဲခန်းတွေအထိ ရောက်လာပုံကို သူ ရှင်းပြပါတယ်။ ဒီပစ္စည်းတွေရဖို့ ထောက်ပို့ ကွင်းဆက်ကြီးတစ်ခုလုံးဟာ အကိုဝမ်ကြောင့် ပေါ်လာတာလို့ဆိုပြီး သူတို့ ဂိုဏ်းအဖွဲ့ဝင်တွေက ထောပနာပြုဟန် ပြောပြပါတယ်။

''ဖန်တနဲဘုရင်'' လို့ ကမ္ဘာမှာ ရာဇဝတ်ကြောင်းနဲ့ နာမည်ကြီးတဲ့ အကိုဝမ်ဟာ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသားဖြစ်ပါတယ်။ သူ့ နာမည်ရင်းက ကျန်းကျီးဒုံလို့ အမေရိကန်တရားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ သူ့ကို ၂၀၂၄ ခုနှစ်တုန်းက မက္ကဆီကို နိုင်ငံမှာ ဖမ်းမိပါတယ်။ ကျန်းဟာ သူ့ကို ဖမ်းထားတဲ့နေရာကနေ ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်အဖမ်းခံရပါတယ်။ အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ကို အပို့ခံရပါတယ်။

ဖန်တနဲလ်ဟာ ဓာတ်ခွဲခန်းမှာထုတ်တဲ့ မူးယစ်ဆေးဖြစ်ပြီး ဘိန်းဖြူထက် အဆပေါင်း ၅၀ ပိုပြင်းပါတယ်။ ဖန်တနဲလ်ကြောင့် တစ်နှစ်ကို လူပေါင်း ထောင်သောင်းချီ အသက်ဆုံးပါးပါတယ်။ သေဆုံးသူ အများစုဟာ ဒီဆေးတွေရဲ့ခရီးဆုံးလို့ဆိုနိုင်တဲ့အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ ဆားမှုန် ၄၊ ၅ မှုန်စာလောက် ဖန်တနဲ ဆေးပမာဏဟာ လူကို သေစေလောက်တဲ့အထိ အာနိသင်ပြင်းပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖန်တနဲလ် ဆေးရောင်းသူတွေကို ''မူးယစ်ဆေး အကြမ်းဖက်သမား'' လို့ တံဆိပ်ကပ်ပြီး ဒီဆေးနဲ့ ဒီဆေးထုတ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို အဖျက်စွမ်းအားကြီး လက်နက်တွေအဖြစ် သတ်မှတ်ပါတယ်။ ပြီးတော့ ထရမ့်က တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ အပေါ် အခွန်တိုးကောက်တာကို ဖန်တနဲလ် ကုန်သွယ်ရေးကြောင့်ဆိုပြီး အကြောင်းပြပါတယ်။

မက္ကဆီကိုကနေ အရီဇိုးနားကို ဖြတ်တဲ့ ထရပ်ကား တစ်စင်းကနေ ဖမ်းမိတဲ့ ဖန်တနဲနဲ့ မက်သာဖက်တမင်းတွေ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဝန်ထမ်းက ဖမ်းမိထားတာကို ပြန်လည်ပြသထားတဲ့မြင်ကွင်းဖြစ်ပါတယ်။ အနက်ရောင် တူညီ ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းပြီး မျက်မှန်တပ်ထားတဲ့ လူဖြူအမျိုးသား ၂ ဦးက ဖန်တနဲနဲ့ မက်သ် ဆိုတဲ့ စာတန်းဘေးနှစ်ဖက်မှာ ထောင်ထားတဲ့ အလယ်က အဖြူရောင်အထုပ်တွေကို စောင့်ကြပ်နေပုံမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, US Customs and Border Protection via Reuters

ဓာတ်ပုံ ပုံစာ, မက္ကဆီကိုကနေ အရီဇိုးနားကို ဖြတ်တဲ့ ထရပ်ကား တစ်စင်းကနေ ဖမ်းမိတဲ့ ဖန်တနဲလ် နဲ့ မက်သာဖက်တမင်းတွေ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဝန်ထမ်းက ဖမ်းမိထားတာကို ပြန်လည်ပြသထားတဲ့မြင်ကွင်း

ကျန်းကို ၂၀၂၅ ခုနှစ်မှာ နယူးယောက်မြို့ တရားရုံးမှာ ရုံးထုတ်ခဲ့ချိန်က သူ့ကို "ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေထဲက တစ်ယောက်" လို့ အဲဒီအချိန်က အမေရိကန်ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ရှ်က သတ်မှတ်ပြောဆိုခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် သူ့ကို "ကိုကင်း၊ ဖန်တနဲလ်(Fentanyl)နဲ့ မက်သာဖက်တမင်း (Methamphetamine) မူးယစ်ဆေးဝါး အမြောက်အမြားကို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ပျံ့နှံ့စေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုကို လည်ပတ်နေသူ" လို့လည်း စွပ်စွဲပါတယ်။ မူးယစ်ဆေးဝါး ရောင်းရငွေ သန်းပေါင်းများစွာကို ငွေကြေးခဝါချမှု လုပ်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

ကျန်းကတော့ သူ့အပေါ် စွဲဆိုထားတဲ့ပြစ်မှုအားလုံးကို မကျူးလွန်ကြောင်း ငြင်းဆိုထားပြီး လက်ရှိမှာ ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေပါတယ်။ ဘီဘီစီက သူ့ရှေ့နေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အမှုက ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေ၊ သူနဲ့အတူ အရင်က အလုပ်လုပ်ခဲ့ဖူးသူတွေကတော့ ဘီဘီစီကို စကားပြောဖို့ သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံက နာမည်ကျော် တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့တဲ့ ကျန်းဟာ တရုတ်ဓာတုဗေဒ ပစ္စည်းထုတ်လုပ်သူတွေနဲ့ မက္ကဆီကို မူးယစ်ဆေးဝါး ထုတ်လုပ်ရေး ဓာတ်ခွဲခန်းတွေကြား အရေးပါတဲ့ ချိတ်ဆက်သူတစ်ဦး ဖြစ်လာခဲ့တယ်လို့ ဘာကြောင့် ယူဆကြသလဲဆိုတာကို သူတို့က ရှားရှားပါးပါး အတွင်းကျကျ ရှင်းပြပေးခဲ့ကြပါတယ်။

ကျန်း ဘယ်သူလဲ

ရဲဓာတ်ပုံမှာ ရိုက်ကူးထားတဲ့ ကျန်းကျီးဒုံရဲ့ ဓာတ်ပုံကို ၃ ပုံ ကပ်ပြီး မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မက္ကဆီကိုအစိုးရ

ဓာတ်ပုံ ပုံစာ, ကျန်းကျီးဒုံဟာ နယူးယောက်ခ်မြို့မှာ ထိန်းသိမ်းထားပြီး လက်ရှိမှာ တရားရင်ဆိုင်နေရ

ကျန်းဟာ ၂၀၁၀ ခုနှစ်မှာ ပေကျင်းမှာရှိတဲ့ ပီကင်းတက္ကသိုလ်ကနေ စပိန်ဘာသာစကား အထူးပြုဘွဲ့နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်မှာတော့ သံသတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်ပိုင်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့ မက္ကဆီကိုကို သွားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အကြီးတန်းရာထူးတစ်ခုကို ရရှိခဲ့ပါတယ်။

အဲဒီအချိန်က သူ့ကို သိခဲ့တဲ့သူတွေကတော့ သူ့ကို ထက်မြက်တဲ့ လူငယ်ပညာရှင်တစ်ယောက်၊ နိုင်ငံခြားမှာ သွားရောက်နေထိုင် အလုပ်လုပ်ဖို့ စိတ်အားထက်သန်သူ တစ်ယောက်အဖြစ် မြင်ခဲ့တယ်လို့ ပြောပါတယ်။

"သူက လူတွေနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ တော်တယ်။ အရင်းအမြစ်တွေကို အသုံးချနိုင်စွမ်းလည်း ရှိတယ်။ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို လိုက်လျောညီထွေ နေနိုင်တဲ့သူပါ" လို့ အဲလက်စ် ဆိုသူက ပြောပါတယ်။ အဲလက်စ်ဟာ နာမည်ရင်း မဟုတ်ဘဲ လုံခြုံရေးအရ အသုံးပြုထားတဲ့ အမည်ဖြစ်ပါတယ်။ ပြီးတော့ သူဟာ ကျန်းနဲ့ တက္ကသိုလ်တူတူတက်ခဲ့သလို နောက်ပိုင်းမှာ မက္ကဆီကိုက သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုတည်းမှာလည်း အတူ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

အဲလက်စ်ရဲ့အပြောအရ ကျန်းဟာ စပိန်ဘာသာစကားကို အလွန်ကျွမ်းကျင်စွာ ပြောတတ်ပြီး ဗန်းစကားအသုံးအနှုန်းတွေကိုလည်း ကောင်းကောင်းနားလည်တယ်လို့ ဆိုပါတယ်။ ဘယ်သူနဲ့မဆို စကားပြော ပေါင်းသင်းနိုင်တဲ့အရည်အချင်းရှိပေမဲ့ ဘေကျင်းအသံဝဲဝဲကတော့ မပျောက်ဘူးလို့ သူက ပြောပါတယ်။

မက္ကဆီကိုမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါ တစ်ခါတလေ မြေအောက်လောကက လူတွေနဲ့လည်း ဆက်ဆံရတာရှိတယ်လို့ အဲလက်စ်က ပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံရဲ့ဒေသအတော်များများကို ထိန်းချုပ်ထားတဲ့ မူးယစ်ရာဇာဂိုဏ်းတွေလည်း ပါဝင်ပါတယ်။

ကျန်းကတော့ "ဒေသမှာ အရေးပါတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အစိုးရဘက်က လူတွေရော၊ တရားမဝင် လှုပ်ရှားနေတဲ့ဘက်က လူတွေရော အားလုံးနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တဲ့သူ" ဖြစ်တယ်လို့ အဲလက်စ်က ပြောပါတယ်။

ကောင်းဘွိုင်းပုံစံ ဦးထုပ်ဝတ်ထားပြီး ပန်းရောင် ရှပ်အင်္ကျီ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို မျက်နှာဝါးထားတဲ့ အမျိုးသားနှစ်ယောက်အလယ်မှာမြင်တွေ့ရ၊ သူတို့ အနောက်မှာ မြေသားပြင်ကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, ပေးဖို့ -အဲလက်စ်

ဓာတ်ပုံ ပုံစာ, ကျန်းကတော့ မက္ကဆီကို ပထမဆုံး ရွှေ့ပြောင်းခဲ့ပြီး အဲဒီက တရုတ်မိုင်းတွင်းကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်

အဲလက်စ်ရဲ့ပြောပြချက်အရ ကျန်းဟာ မက္ကဆီကိုရဲ့စွန့်စားရတဲ့ဘဝပုံစံကို သဘောကျတဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။ အဲလက်စ်ကတော့ သူ့ကို အန္တရာယ်များတဲ့အရာတွေကို စိတ်ဝင်စားပြီး မဆင်မခြင် လုပ်တတ်တဲ့သူတစ်ယောက်အဖြစ် မြင်တယ်လို့ ပြောပါတယ်။

ဥပမာတစ်ခုအနေနဲ့ သူ့အထက်လူကြီးရဲ့ကားကို တိုက်မိဖျက်ဆီးခဲ့ဖူးပေမဲ့ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာကို သိပ်ဂရုမစိုက်ခဲ့ဘူးလို့ အဲလက်စ်က ပြန်ပြောင်းပြောပြပါတယ်။ တစ်ခါတုန်းကလည်း ညဘက်မှာ မြို့ပြင်ဘက်ကို ကားမောင်းခေါ်သွားပြီး လူမရှိတဲ့အဝေးပြေးလမ်းမပေါ်က လမ်းညွှန်ဆိုင်းဘုတ်တွေကို ပစ္စတိုသေနတ်နဲ့ပစ်ခတ်ခဲ့ဖူးတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ သံသတ္တုတူးဖော်ရေးကုမ္ပဏီ ပြိုလဲသွားတဲ့အခါ အဲလက်စ်က တရုတ်နိုင်ငံကို ပြန်သွားခဲ့ပေမဲ့ ကျန်းကတော့ မက္ကဆီကိုမှာပဲ ဆက်နေခဲ့ပါတယ်။

အဲလက်စ်ရဲ့အဆိုအရ တစ်နှစ်၊ နှစ်နှစ်လောက်ကြာပြီးနောက်မှာ ကျန်းဟာ ပေကျင်းတက္ကသိုလ် စပိန်ဘာသာစကား ဘွဲ့ရဟောင်းတွေရဲ့ WeChat Group ထဲမှာ ဒေါ်လာငွေ လဲလှယ်ပေးမယ့် ကြော်ငြာတွေ တင်လာခဲ့တယ်။ အခြားနေရာတွေထက် ပိုရမယ့်ငွေလဲနှုန်းတွေနဲ့ လဲပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အဲလက်စ်ကတော့ အဲဒီလုပ်ငန်းဟာ ငွေကြေးခဝါချမှုနဲ့ ဆက်နွှယ်နေတယ်လို့ ယုံကြည်ထားပါတယ်။

ဒါ့အပြင် အန်းရစ်လို့ဆိုတဲ့မူးယစ်ဂိုဏ်းအဖွဲ့ဝင်တစ်ဦးကလည်း ကျန်းဟာ မူးယစ်ဆေးဝါးလုပ်ငန်းထဲကို ဝင်ရောက်ပတ်သက်လာခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန်တရားရုံး စာရွက်စာတမ်းတွေအရတော့ ကျန်းဟာ ၂၀၁၆ ခုနှစ် ဇွန်လကစပြီး "အကြီးစား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေးနဲ့ ငွေကြေးခဝါချရေး ကွန်ရက်ကြီးတစ်ခု" ကို လည်ပတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အန်းရစ်ကတော့ ကျန်းဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဆက်ဆံရေးကပဲ သူ့ကို ဂိုဏ်းရဲ့ အတွင်းစက်ဝိုင်းထဲက အရေးပါတဲ့သူတွေနဲ့ ပိုမိုနီးစပ်လာစေခဲ့တယ်လို့လည်း အန်းရစ်က ယုံကြည်နေပါတယ်။

ပစ္စည်းထောက်ပို့ကွင်းဆက်

ဂိုဏ်းအတွက် အလုပ်ကိစ္စအသေးစားတွေ လုပ်ပေးရတဲ့ နောက်ထပ် မူးယစ်ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ လူဝီကတော့ ၂၀၁၉ ခုနှစ်ရဲ့ ပူပြင်းတဲ့နေ့လယ်ခင်းတစ်ခုကို ပြန်အမှတ်ရပါတယ်။ လူဝီကလည်း နာမည်အရင်းမဟုတ်ပါဘူး။ လုံခြုံရေးကြောင့် နာမည်လွှဲထားတာဖြစ်ပါတယ်။

အဲဒီနေ့မှာ သူ့အထက်က လူတွေက ကျန်းရောက်လာမယ့် အစည်းအဝေးတစ်ခုကို လုံခြုံရေးစောင့်ကြပ်ဖို့ သူ့ကို တာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူဝီရဲ့ပြောပြချက်အရ ကျန်းဟာ "သူ့ရဲ့ ထုတ်ကုန်တွေကို ဖောက်သည် လာရှာတာ" ဖြစ်ပါတယ်။

လူဝီက အဲဒီ "ကုန်ပစ္စည်းတွေ" ဆိုတာ ဖန်တနဲ မူးယစ်ဆေး ထုတ်လုပ်ရာမှာ လိုအပ်တဲ့ အခြေခံဓာတုပစ္စည်းတွေ ဒါမှမဟုတ် ကုန်ကြမ်းထုတ် ဓာတုပစ္စည်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ အမြင်မှာတော့ ကျန်းဟာ ဖင်တနဲလ်နဲ့ပတ်သက်ပြီး သူ့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့သူဖြစ်သလို ဂိုဏ်းရဲ့ဒီလုပ်ငန်းကဏ္ဍကို စတင်ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တဲ့ အဓိကလူတစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်စတစ်အိတ်ထဲကနေ မီးခိုးရောင်အမှုန်တွေကို လက်အိပ်ဝတ်ထားတဲ့လက်တစ်ဖက်က တဖြည်းဖြည်းနှိုက်ထုတ်နေတဲ့သရုပ်ပြပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters / Claudia Daut

ဓာတ်ပုံ ပုံစာ, ဖန်တနဲလ် ထုတ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကို တရုတ်မှာ လုပ်ထုံးလုပ်နည်းတင်းကျပ်ထားပေမဲ့ တားမြစ်ထားတာမျိုးတော့မရှိပါဘူး။ အကြောင်းကတော့ တခြားစက်မှု လုပ်ငန်းတွေထဲမှာ အသုံးပြုနေတာကြောင့်ဖြစ်ပါတယ်

လူဝီ ကတော့ မကြာခင်မှာပဲ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုမှာ ဖန်တနဲလ် ထုတ်လုပ်တဲ့ "ချက်သူ" တစ်ယောက် ဖြစ်လာခဲ့တယ်လို့ ပြောပါတယ်။

သူ့အပြောအရ သူ့ရှေ့မှာတင် အနည်းဆုံး ငါးယောက်ခန့် ဆေးချက်ရင်း သေဆုံးတာကို မြင်တွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ သူကတော့ အဲဒီလူတွေ ကိုင်တွယ်နေတဲ့ ဓာတုပစ္စည်းတွေဟာ အကာအကွယ်ဝတ်စုံတွေရဲ့အပေါက်အဟတွေကနေ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားတာကြောင့် သေဆုံးခဲ့ကြတာလို့ တွေးထင်ပါတယ်။

"တစ်ခါတလေ လူတွေက ရုတ်တရက် လဲကျသတိလစ်သွားတတ်တယ်။ အဲဒီအခါကျရင် သူတို့ကို အခန်းထဲကနေ သယ်ထုတ်ရတယ်" လို့ သူက ပြောပါတယ်။

အန်းရစ် ကတော့ ပါဝင်ဓာတု လို့ခေါ်တဲ့ အခြေခံဓာတုပစ္စည်းတွေကို ဘယ်လို မှာယူကြတယ်ဆိုတာကို ရှင်းပြပါတယ်။ သူ့အဆိုအရ သူတို့က အဲဒီပစ္စည်းတွေကို ကျန်းဆီကနေ မှာယူလေ့ရှိပြီး ကျန်းက သူ့ရဲ့တရုတ်နိုင်ငံက အဆက်အသွယ်တွေကို အသုံးချပြီး လိုအပ်တဲ့ဓာတုပစ္စည်းတွေကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။

အဲဒီပစ္စည်းတွေကို နောက်ပိုင်းမှာ လေကြောင်းကဖြစ်ဖြစ် ရေကြောင်းကဖြစ်ဖြစ် မက္ကဆီကိုကို ပို့ဆောင်လာကြတယ်လို့ အန်းရစ်က ပြောပါတယ်။ အဲဒီနောက် သူ့ရဲ့ကွန်ရက်က ဆီနာလိုအာ ဒေသက တရားမဝင်ဓာတ်ခွဲခန်းတွေမှာ အလုပ်လုပ်နေတဲ့ လူဝီလို ဖန်တနဲလ် ချက်သူတွေဆီကို ဆက်လက် ဖြန့်ဖြူးပေးတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းကြောင့် လူသေဆုံးမှုအများအပြား ဖြစ်နေတဲ့အပေါ် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မခံစားရဘူးလားလို့ မေးမြန်းတဲ့အခါ အန်းရစ်က သူ့ဆွေမျိုးတစ်ယောက်လည်း ဖန်တနဲ အသုံးလွန်ပြီး သေဆုံးခဲ့ဖူးတယ်လို့ ပြောပါတယ်။

"ဒီဖြစ်ရပ်က သိစိတ်ကို တုန်လှုပ်သွားစေတယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ "အလုပ်က အလုပ်ပဲ။ ကျွန်တော်တို့မှာ အသက်မွေးဝမ်းကျောင်းဖို့ တခြားနည်းလမ်း မသိဘူး" လို့လည်း ထပ်ပြောခဲ့ပါတယ်။

ဒီမေးခွန်းကိုပဲ လူဝီကို မေးတဲ့အခါမှာတော့ သူက ဓာတ်ခွဲခန်းထဲက အလုပ်ကို ရပ်ဖို့ တစ်ခါတုန်းက ကြိုးစားခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့အထက်လူကြီးက အဲဒီအစား ကင်းလှည့်တာဝန် ထွက်ရမယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

"မင်းအနေနဲ့ ကျည်ကာအင်္ကျီဝတ်၊ စစ်သုံးပစ္စည်းတွေ ယူပြီး ထွက်တိုက်မလား၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ဆေးချက်တဲ့အလုပ်ဆက်လုပ်မလား၊ ရွေးချယ်စရာက ဒီနှစ်ခုပဲ ရှိတယ်" လို့ သူ့အထက်လူကြီးက ပြောခဲ့တယ်လို့ လူဝီက ဆိုပါတယ်။

မက္ကဆီကို လုံခြုံရေးအေဂျင်စီတွေရဲ့အပြောအရတော့ ကျန်းဟာ အမေရိကတိုက်၊ ဥရောပ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို ချိတ်ဆက်ထားတဲ့ တရားမဝင် လုပ်ငန်းကွန်ရက်ကြီးတစ်ခုကို ဦးဆောင်လည်ပတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အပြာရောင်ဆေးပြားတွေ စုပုံနေတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Angela Weiss / AFP via Getty Images

ဓာတ်ပုံ ပုံစာ, တရားမဝင်ထုတ်လုပ်တဲ့ ဖန်တနဲလ်ကို တစ်ခါတလေမှာ ဆေးလုံးအနေနဲ့ ထုတ်လုပ်ပါတယ်။ အခု ပြထားတဲ့ဆေးတွေကတော့ နယူးယောက်မြို့က အမေရိကန်ဆေးဝါး ထိန်းချုပ်ရေးဌာနက ပြသထားတဲ့ဆေးတွေဖြစ်ပါတယ်

InSight Crime သုတေသနအဖွဲ့က သုတေသီ ဗစ်တိုးရီးယား ဒီမာ ဟာ မက္ကဆီကိုနိုင်ငံထဲကို အခြေခံဓာတုပစ္စည်းတွေ ဘယ်လိုဝင်ရောက်လာသလဲဆိုတာကို နှစ်ပေါင်းများစွာ စုံစမ်းလေ့လာခဲ့သူ ဖြစ်ပါတယ်။

သူ့အပြောအရ ကျန်းလုပ်ခဲ့တယ်လို့ ယူဆရတဲ့ ပွဲစားအလုပ်ဟာ ဓာတုပစ္စည်းထုတ်လုပ်သူတွေနဲ့ မူးယစ်ရာဇာဂိုဏ်းတွေကြားမှာ အလွန်အရေးကြီးတဲ့ ချိတ်ဆက်ပေးတဲ့နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ကျန်းလိုမျိုး အဆက်အသွယ်ကွန်ရက် ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့သူတွေက "တော်တော်ရှားပါးတဲ့သူတွေ" ဖြစ်ပြီး "ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း" တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"သူဟာ မက္ကဆီကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့အစည်းတွေနဲ့ တရုတ်နိုင်ငံက အခြေခံဓာတုပစ္စည်းတွေကို ထောက်ပံ့သူတွေကြား ချိတ်ဆက်ပေးတဲ့ ပွဲစားတစ်ယောက်ပါ" လို့ ဒီမာက ဆိုပါတယ်။ အဲဒီလောကဟာ အပြင်လူတွေအတွက် ဝင်ရောက်နားလည်ဖို့ အလွန်ခက်ခဲတဲ့လောကတစ်ခုလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

"သူက အမေရိကန်နိုင်ငံထဲမှာလည်း အင်အားကြီးတဲ့ကွန်ရက်တစ်ခု ရှိထားတယ်။ ဒါမျိုးက တွေ့ရိုးတွေ့စဉ်မျိုး မဟုတ်ဘူး။ ဒေသကြီး သုံးခုကို လူတစ်ယောက်တည်းက ချိတ်ဆက်နိုင်တာ သိပ်ရှားတယ်" လို့ သူက ဆိုပါတယ်။

မက္ကဆီကို အာဏာပိုင်တွေကတော့ ကျန်းဟာ ကိုကင်း ၁,၀၀၀ ကီလိုဂရမ်ကျော်၊ ဖန်တနဲ ၁,၈၀၀ ကီလိုဂရမ်နဲ့ မက်သာဖက်တမင်း ၆၀၀ ကီလိုဂရမ်ကျော်ကို တင်ပို့ဖြန့်ဖြူးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် သူဟာ နှစ်စဉ် မူးယစ်ဆေးဝါး ရောင်းဝယ်ရာကနေရရှိတဲ့ ငွေကြေး ဒေါ်လာ သန်း ၁၅၀ ကျော်ကို ကိုင်တွယ်စီမံခဲ့တယ်လို့လည်း မက္ကဆီကို အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်တဲ့ ကျန်းကို အလိုရှိကြောင်း ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, Attorney general’s office, Mexico

ဓာတ်ပုံ ပုံစာ, မက္ကဆီကို အာဏာပိုင်တွေက ထုတ်ပြန်တဲ့ ကျန်းကို အလိုရှိကြောင်း ကြေညာချက်

၂၀၂၅ ခုနှစ်မှာ အမေရိကန် တရားရေးဝန်ကြီးဌာနက ကျန်းကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်တဲ့ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ ကျန်းကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ စွပ်စွဲထားရုံတင်မကဘဲ လူတွေကို စည်းရုံးခေါ်ယူပြီး စာရွက်ပေါ်မှာပဲရှိတဲ့ အပေါ်ယံပြထားတဲ့ကုမ္ပဏီပေါင်း ၁၀၀ ကျော်အတွက် ဘဏ်အကောင့်တွေ ဖွင့်ခိုင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တရားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဲဒီလူတွေဟာ အမေရိကန်နိုင်ငံတဝန်း နေရာအမျိုးမျိုးကနေ ငွေသားတွေကို လက်ခံယူပြီး အဲဒီငွေတွေကို အပေါ်ယံကုမ္ပဏီတွေရဲ့ ဘဏ်အကောင့်ထဲ ထည့်သွင်းကြတယ်၊ အဲဒီနောက် ငွေကြေးခဝါချဖို့ ရည်ရွယ်ပြီး အမေရိကန်ပြင်ပက အကျိုးခံစားခွင့်ရှိတဲ့အခြားဘဏ်အကောင့်တွေဆီ ဆက်လွှဲပေးကြတယ်လို့ ဆိုပါတယ်။

ကျန်း စွပ်စွဲခံထားရတဲ့လုပ်ငန်းကွန်ရက်ရဲ့တခြားတစ်ဖက်မှာတော့ တရုတ်နိုင်ငံ ရှိနေပါတယ်။ ၂၀၂၅ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ဓာတုနည်းနဲ့ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ အခြေခံဓာတုပစ္စည်းတွေရဲ့ ကမ္ဘာ့အကြီးဆုံး ထုတ်လုပ် တင်ပို့တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

တရုတ်ရဲ့ဓာတုစက်မှုလုပ်ငန်းဟာ "အလွန်ကြီးမားတဲ့ လုပ်ငန်းနယ်ပယ်" ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၆၀,၀၀၀ ခန့် ရှိတယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ အာဏာပိုင်တွေက ထိန်းချုပ်မှုတွေ ချမှတ်ဖို့ ကြိုးစားနေသော်လည်း စောင့်ကြည့်ကြပ်မတ်ရေးအတွက် လူအင်အားနဲ့ အရင်းအမြစ်တွေ မလုံလောက်သေးဘူးလို့လည်း ဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာရှိတဲ့တရုတ်သံရုံးကတော့ တရုတ်နိုင်ငံဟာ "မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတင်းကျပ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ" ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ဖန်တနဲလ် ဆက်စပ် ဓာတုပစ္စည်းအားလုံးကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမယ့်စာရင်းထဲ ထည့်သွင်းခဲ့ကြောင်းလည်း သံရုံးဘက်က ထောက်ပြပါတယ်။ အဲဒီပစ္စည်းတွေကို လုံးဝ တားမြစ်ထားတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းအချို့ဟာ စက်မှုလုပ်ငန်းအမျိုးမျိုးမှာ တရားဝင် အသုံးပြုနေသေးတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အမေရိကန်တို့ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ "ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ ပူးပေါင်းဆောင်ရွက်နေ" ဖြစ်ပြီး "ရလဒ်ကောင်းတွေ ရရှိခဲ့တယ်" လို့လည်း တရုတ်သံရုံးက အကြောင်းပြန်ပါတယ်။

ထွက်ပြေးပေမဲ့ ပြန်အဖမ်းခံရ

ကျူးဘားအာဏာပိုင်တွေက ကျန်းကို ထိန်းသိမ်းပြီး မက္ကဆီကိုကို ပြန်ပို့ခဲ့ပါတယ်။ မက္ကဆီကိုက သူ့ကို အမေရိကန်ဆီ ပြန်လွှဲခဲ့

ဓာတ်ပုံ ရင်းမြစ်, Secretary Omar Harfuch of Mexico's Security and Citizen Protection

ဓာတ်ပုံ ပုံစာ, ကျူးဘားအာဏာပိုင်တွေက ကျန်းကို ထိန်းသိမ်းပြီး မက္ကဆီကိုကို ပြန်ပို့ခဲ့ပါတယ်။ မက္ကဆီကိုက သူ့ကို အမေရိကန်ဆီ ပြန်လွှဲခဲ့

ကျန်း တစ်ယောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့လုပ်ငန်းတွေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ မက္ကဆီကိုမှာ သူ အဖမ်းခံလိုက်ရတဲ့အချိန်မှာ ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် တရားသူကြီးတစ်ဦးက သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားဖို့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဟာ နံရံကို အပေါက်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

အဲဒီနောက် သူဟာ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကျူးဘားနိုင်ငံကို ထွက်ပြေးသွားပြီး အဲဒီကနေ ရုရှားနိုင်ငံကို ဆက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှား နယ်စပ်လုံခြုံရေးအရာရှိတွေက သူအသုံးပြုထားတဲ့ စာရွက်စာတမ်းတွေဟာ အတုတွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို ကျူးဘားနိုင်ငံကို ပြန်ပို့ခဲ့ပြီး ကျူးဘားကလည်း မက္ကဆီကိုကို ပြန်လွှဲပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မက္ကဆီကိုကနေ အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

သူဖမ်းဆီးခံရတဲ့သတင်းဟာ ကမ္ဘာတဝန်း ခေါင်းကြီးပိုင်းသတင်းဖြစ်လာခဲ့ပါတယ်။ ကျန်း ပညာသင်ခဲ့တဲ့ ပီကင်းတက္ကသိုလ်ရဲ့ ဘွဲ့ရဟောင်းကွန်ရက်ထဲမှာလည်း အံ့ဩတုန်လှုပ်စရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"အားလုံးက ဒီအကြောင်းပဲ ပြောနေကြတာ" လို့ အဲလက်စ်က ပြောပါတယ်။

"ဒါက တကယ်ကို အံ့အားသင့်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ ပြီးတော့ ကျန်းဟာ ပီကင်းတက္ကသိုလ်က မွေးထုတ်ပေးခဲ့တဲ့လူတွေထဲမှာ အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့လည်း အဲလက်စ်က ဆိုပါတယ်။

အမေရိကန်- မက္ကဆီကို နယ်ခြားနဲ့ ဆီနာလိုအာ၊ ကူလီအာခန်၊ မက္ကဆီကို စီးတီးမြို့တွေကို ပြတဲ့ မြေပုံ၊

စိမ်ပြေးတမ်းကစားရသလို

ခူလီအာခန် မှာရှိတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေကတော့ ကျန်း မရှိတော့တဲ့ အကျိုးသက်ရောက်မှုကို ချက်ချင်းခံစားလိုက်ရတယ်လို့ ပြောကြပါတယ်။

လူ၀ီက "လိုအပ်တဲ့အခြေခံဓာတုပစ္စည်းတွေ ရဖို့ တော်တော်ခက်သွားတယ်" လို့ ဆိုပါတယ်။

"သူတို့ အဲဒီလူကို ဖမ်းအပြီးမှာ အားလုံး ကမောက်ကမ ဖြစ်ကုန်တာပဲ" လို့ အန်းရစ်က ပြောပါတယ်။ သူကတော့ ကျန်းဟာ တရုတ်နိုင်ငံဘက်က အဆက်အသွယ်တွေ အများကြီးရှိတဲ့သူ ဖြစ်ပြီး မူးယစ်ဂိုဏ်းတွေဟာ ထောက်ပံ့ရေးလမ်းကြောင်းအသစ်ကို အစကနေ ပြန်တည်ဆောက်ရတဲ့အခြေအနေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်လောက်မှာပဲ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA) က ဖန်တနဲရဲ့ အရည်အသွေးနဲ့ သန့်စင်မှု ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ်။ DEA ကတော့ ဒီအခြေအနေဟာ မက္ကဆီကိုက ဖန်တနဲ ထုတ်လုပ်သူတွေ အရေးကြီးတဲ့ဓာတုပစ္စည်းအချို့ ရဖို့ အခက်အခဲ ကြုံနေရတယ်ဆိုတာကို ပြသတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီမာရဲ့အပြောအရ မူးယစ်ဆေးဝါး ထောက်ပံ့ရေးကွင်းဆက်မှာဖြစ်တဲ့ ကမောက်ကမဖြစ်မှုဟာ ပုံမှန်ဆို ယာယီပဲကြာတတ်ပါတယ်။ သူကတော့ ဒီဖြစ်စဉ်ကို "စိမ်ပြေးတမ်းကစားနေတာ" နဲ့ နှိုင်းယှဉ်ပါတယ်။

သူရဲ့သုတေသနအရဆိုရင် ပွဲစားတွေကို ဖယ်ရှားလိုက်တာမျိုး ဒါမှမဟုတ် အဓိက ဓာတုပစ္စည်းတွေကို ထိန်းချုပ်လိုက်တာမျိုး ဖြစ်လာရင် ဖန်တနဲ ထုတ်လုပ်သူတွေက အစားထိုးအသုံးပြုနိုင်တဲ့ပစ္စည်းတွေကို ရှာဖွေပြီး နည်းလမ်းအသစ်တွေကို လေ့လာသင်ယူကာ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲသွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ထောက်ပံ့ရေးကွင်းဆက်ထဲက လူတွေကိုလည်း အစားထိုးနိုင်ပါတယ်။ ဂိုဏ်းအဖွဲ့ဝင်တွေရဲ့ အပြောအရ ကျန်းလိုမျိုး အဆက်အသွယ်အလွန်ကျယ်ပြန့်တဲ့သူတောင် အစားထိုးလို့ ရနိုင်တယ်လို့ ဆိုကြပါတယ်။

အန်းရစ်ကတော့ အခုဆိုရင် ကျန်းနေရာကို ဆက်ခံနိုင်မယ့် တရုတ်လူမျိုး နောက်တစ်ယောက် ရှိနေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ "ကိုယ့်လုံခြုံရေးကြောင့်" အသေးစိတ်ကို ထပ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။

ကုန်ပစ္စည်းနဲ့ လူအင်အားရွှေ့ပြောင်းမှုတွေကို တာဝန်ယူဆောင်ရွက်တဲ့ ဂိုဏ်းအဖွဲ့ဝင် နောက်တစ်ယောက်ကလည်း "ဒီလုပ်ငန်းအားလုံးကို အကို ဝမ်(ကျန်း)က စခဲ့တာတော့ မှန်တယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ "သူ မရှိတော့ရင်တောင် ဆက်လုပ်နိုင်အောင် အဆက်အသွယ်တွေနဲ့ လမ်းကြောင်းတွေ အများကြီး ချန်ထားခဲ့တယ်" လို့ သူက ဆိုပါတယ်။

"သူ မရှိတော့ဘူးဆိုရင် တခြားတစ်ယောက်က သူ့ နေရာကို ဝင်လာမှာပဲ။ ဒီလုပ်ငန်းကတော့ ရပ်သွားမှာ မဟုတ်ဘူး" လို့ သူက ပြောခဲ့ပါတယ်။

ရုသ် အဗန်နဲ့ မီဂဲ အိန်ဂျယ် ဗီဂါတို့လည်း ပါဝင် သတင်းရေးသားပါတယ်။