ထရမ့်အစိုးရက နိုင်ငံခြားကျောင်းသားတွေရဲ့ ဗီဇာနေထိုင်ခွင့်ကို ၄ နှစ်အထိ ကန့်သတ်

အမေရိကန်နိုင်ငံ၊ နော့ကာရိုလိုင်းနားပြည်နယ်ရှိ နော့ကာရိုလိုင်းနားတက္ကသိုလ် (ချာပယ်ဟေးလ်) ကျောင်းဝင်းအတွင်း သွားလာနေသူများကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်က တွေ့ရ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စည်းမျဉ်းသစ်တွေကို "လမ်းလွဲနေပြီး မလိုအပ်တဲ့ မူဝါဒ" လို့ ဝေဖန်ကြပါတယ်။
    • ရေးသားသူ, ကွာစီ ဂျမ်ဖီ အာဆီဒူ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၄

ထရမ့်အစိုးရက နိုင်ငံခြားကျောင်းသားတွေအပေါ် ဗီဇာစည်းမျဉ်းတွေ ပိုမိုတင်းကျပ်မယ့် နောက်ဆုံးစည်းမျဉ်း (final rule) ကို ဇူလိုင် ၁၆ ရက်က အတည်ပြု ကြေညာလိုက်ပြီး လာမယ့် စက်တင်ဘာ ၁၅ ရက်ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

စည်းမျဉ်းသစ်အရ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက် မရဘဲ နိုင်ငံခြားကျောင်းသားတွေ အမေရိကန်မှာ လေးနှစ်ထက်ပိုပြီး နေထိုင်ပညာသင်ကြားခွင့် မရှိတော့ပါဘူး။

ဒါ့အပြင် သင်တန်းအစီအစဉ် (programme) ပြောင်းတာ၊ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ်ပြောင်းတာတွေကိုလည်း ပိုမိုကန့်သတ်သွားမှာ ဖြစ်ပါတယ်။ အရင်ကတော့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဗီဇာသက်တမ်းတိုးပေးနိုင်တဲ့ အခွင့်အာဏာ ရှိခဲ့ပါတယ်။

စက်တင်ဘာလကစပြီး အသက်ဝင်မယ့် ဒီစည်းမျဉ်းသစ်ဟာ "ကျောင်းသားဗီဇာ အလွဲသုံးစားလုပ်မှုတွေကို တိုက်ဖျက်ပြီး၊ ပုံမှန်စိစစ်မှုတွေကတစ်ဆင့် အမျိုးသားလုံခြုံရေးကို ပိုမိုအားကောင်းစေမှာ ဖြစ်တယ်" လို့ အမေရိကန် ပြည်ထဲရေးလုံခြုံရေးဌာနက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာပညာရေးဆိုင်ရာ အဖွဲ့အစည်း (Association of International Educators) ကတော့ ဒီစည်းမျဉ်းသစ်တွေဟာ "လမ်းလွဲနေပြီး မလိုအပ်တဲ့ မူဝါဒ"ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

အရင်က F-1 ကျောင်းသားဗီဇာ နဲ့ J-1 ဖလှယ်ရေးဗီဇာ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားကျောင်းသားတွေဟာ "duration of status" စနစ်အရ ဘွဲ့ပြီးဆုံးတဲ့အထိ အမေရိကန်မှာ တရားဝင် နေထိုင်ပညာသင်ကြားခွင့် ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု စည်းမျဉ်းသစ်အရ အဲဒီနေထိုင်ခွင့်ကို အချိန်ကန့်သတ်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထဲရေးလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မာလင် က "ဆယ်စုနှစ်များစွာအတွင်း နိုင်ငံခြားကျောင်းသားတွေကို အချိန်အကန့်အသတ်မရှိ နေထိုင်ခွင့်ပေးထားတာကြောင့် အချို့က အမေရိကန်ကနေ မထွက်ခွာရအောင် သင်တန်းတွေကို ဆက်တိုက်တက်ပြီး လူဝင်မှုကြီးကြပ်ရေးစနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြတယ်" လို့ ပြောပါတယ်။

အမေရိကန်မှာ ဘွဲ့ကြိုသင်တန်းအများစုက လေးနှစ်ခန့်သာ ကြာမြင့်ပေမယ့် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ (PhD) လို ဘွဲ့လွန်သင်တန်းတွေကတော့ အဲဒီထက် ပိုကြာလေ့ရှိပါတယ်။ နိုင်ငံတကာကျောင်းသားအများစုဟာ အထူးသဖြင့် သိပ္ပံနဲ့ နည်းပညာဘာသာရပ်တွေမှာ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်နေကြပြီး သုတေသနပြုလုပ်ရတာ၊ စာတမ်းထုတ်ဝေရတာ၊ သုတေသနရန်ပုံငွေ အခက်အခဲနဲ့ ကိုယ်ရေးကိုယ်တာအခြေအနေတွေကြောင့် ပညာသင်ကာလ ပိုရှည်သွားနိုင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စည်းမျဉ်းသစ်အရ ကျောင်းပြီးဆုံးပြီးနောက် နိုင်ငံခြားကျောင်းသားတွေဟာ အမေရိကန်ကနေ ထွက်ခွာဖို့ ဒါမှမဟုတ် အခြားဗီဇာအမျိုးအစားကို ပြောင်းလဲဖို့ ရက် ၃၀ ပဲ ရရှိတော့မှာ ဖြစ်ပါတယ်။ အရင် ကတော့ ရက် ၆၀ အထိ နေခွင့်ရှိခဲ့ပါတယ်။

နိုင်ငံတကာကျောင်းသားအပ်နှံရေးကိစ္စတွေမှာ တက္ကသိုလ်တွေကို အကြံပေးနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ NAFSA: Association of International Educators က ဒီစည်းမျဉ်းသစ်တွေကို ဝေဖန်ထားပါတယ်။

NAFSA ရဲ့ အမှုဆောင်အရာရှိချုပ် ဖန်တာ အော် က "ဒီမူဝါဒသစ်ဟာ နှစ်ပေါင်းများစွာ ထိရောက်စွာ လည်ပတ်နေတဲ့ စနစ်တစ်ခုအပေါ် မသေချာမှု၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ပိုမိုရှုပ်ထွေးလာမှုနဲ့ စိုးရိမ်မှုတွေကို ဖြစ်စေတယ်။ မရှိတဲ့ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မူဝါဒဖြစ်တယ်" လို့ ပြောပါတယ်။

ဒီစည်းမျဉ်းသစ်တွေဟာ ထရမ့်အစိုးရရဲ့ နိုင်ငံခြားကျောင်းသားအရေအတွက် လျှော့ချရေးနဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးကို ပိုမိုတင်းကျပ်ရေး မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ထရမ့်အစိုးရဟာ ထိပ်တန်းတက္ကသိုလ်တချို့မှာ နိုင်ငံခြားကျောင်းသားလက်ခံတဲ့ အရေအတွက်ကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့သလို၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ဝေဖန်ခဲ့တဲ့ ကျောင်းသားတချို့ရဲ့ ဗီဇာတွေကိုလည်း ရုပ်သိမ်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာကျောင်းသားတွေအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ

ဒီစည်းမျဉ်းသစ်တွေဟာ အမေရိကန်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေအပေါ်လည်း သက်ရောက်နိုင်ပါတယ်။

Open Doors ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်အရ ၂၀၂၃-၂၄ ပညာသင်နှစ်အတွင်း အမေရိကန်တက္ကသိုလ်တွေမှာ မြန်မာကျောင်းသား ၃,၂၂၂ ဦး တက်ရောက်နေပြီး၊ ၂၀၂၁-၂၂ ပညာသင်နှစ်က ၁,၉၀၉ ဦးနဲ့ နှိုင်းယှဉ်ရင် ၆၉ ရာခိုင်နှုန်း တိုးလာပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ကို ထွက်ခွာပညာသင်ကြားတဲ့ မြန်မာကျောင်းသားတွေ ဆက်လက်တိုးလာတာကြောင့် အမေရိကန်ရှိ မြန်မာကျောင်းသားအဖွဲ့အစည်းတချို့က လက်ရှိအရေအတွက်ဟာ ၅,၀၀၀ နီးပါးရှိနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

အထူးသဖြင့် မဟာဘွဲ့နဲ့ ပါရဂူဘွဲ့လို လေးနှစ်ထက် ပိုကြာတဲ့ သင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေဟာ ဗီဇာသက်တမ်းတိုးဖို့ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်လာနိုင်တာကြောင့် မသေချာမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မြန်မာကျောင်းသားတွေအတွက်တော့ ဒီစည်းမျဉ်းသစ်ဟာ နှစ်ဆသက်ရောက်မှု ရှိလာတဲ့အခြေအနေပါ။ တဖက်မှာလည်း ထရမ့်အစိုးရရဲ့ ခရီးသွားကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ဗီဇာအသစ် ထုတ်ပေးမှုကို အများအားဖြင့် ရပ်ဆိုင်းထား တာကြောင့် ပညာသင်ဖို့ ကျောင်းသားသစ်အနေနဲ့ သွားလိုသူတွေအတွက် အခက်အခဲရှိနေပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကျောင်းသားဗီဇာ စည်းမျဉ်းသစ်ကတော့ အမေရိကန်မှာ ပညာသင်နေပြီးသား ကျောင်းသားတွေအပေါ် ထပ်မံသက်ရောက်လာတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗြိတိန်ကလည်း မြန်မာကျောင်းသားဗီဇာအသစ် လျှောက်ထားခွင့်ကို ယာယီရပ်ဆိုင်းထားတာကြောင့် မြန်မာလူငယ်တွေအတွက် လူကြိုက်များတဲ့ အင်္ဂလိပ်ဘာသာသုံး ပညာသင်နိုင်ငံနှစ်နိုင်ငံစလုံးမှာ ပညာသင်ခွင့်ရဖို့ ပိုမိုခက်ခဲလာကြပါတယ်။

ယူကေရဲ့ ကျောင်းသားဗီဇာရပ်ဆိုင်းခဲ့မှု

၂၀၂၆ မတ်လကလည်း ယူကေအစိုးရက မြန်မာ ကျောင်းသားတွေရဲ့ Study Visa ဆိုင်းငံ့မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာကျောင်းသားတွေကို ပေးတဲ့ ကျောင်းသားဗီဇာ/ ပညာသင်ယူခွင့် ဗီဇာ (Study Visa) ယာယီဆိုင်းငံ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ မရေရာမှု၊ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ(British Council) ရုံးက ထုတ်ပြောထားခဲ့ဖူးပါတယ်။

ယူကေအစိုးရရဲ့ဗီဇာဆိုင်းငံ့မှုဟာ ယူကေမှာ ပညာသင်ယူချင်တဲ့သူတွေ ဒါမှမဟုတ် ပညာသင်ဖို့ လျှောက်လွှာတင်နေတဲ့ကျောင်းသားတွေနဲ့ ကျောင်းလျှောက်လုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် စိုးရိမ် ပူပန်စရာဖြစ်တယ်ဆိုတာကိုလည်း နားလည်ကြောင်း ဗြိတိသျှကောင်စီက ပြောထားတာပါ။

ယူကေအစိုးရကတော့ ကျောင်းသားဗီဇာ(Study Visa) နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေ များလာတာကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ ၄ နိုင်ငံကို ဗီဇာပေးတာ ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ မတ် ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုရပ်ဆိုင်းလိုက်တာဟာ ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ စနစ်ကျမှုနဲ့ သမာသမတ်ကျမှုတွေကို ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ရန်ကုန်က ဗြိတိသျှကောင်စီရုံးကတော့ ယူကေပညာရေးကို မြန်မာကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းပြည့်မီတဲ့ကျောင်းသားတွေရဲ့ ရည်မှန်းချက်တွေကိုလည်း အသိအမှတ်ပြု တန်ဖိုးထားတယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ယူကေနိုင်ငံကို ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားဗီဇာနဲ့ ယူကေကို တရားဝင်ရောက်လာခဲ့ပြီးမှ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ သုံးဆကျော်များလာပါတယ်။

လက်ရှိမှာ ယူကေရဲ့ ၂၀၂၁ ကနေ ၂၀၂၅ စက်တင်ဘာအထိစာရင်းအရ ကျောင်းသားဗီဇာပေးထားတဲ့ ကျောင်းသားအရေအတွက် ၇,၀၀၀ ကျော်ရှိတယ်လို့ ယူကေပြည်ထဲရေးဝန်ကြီးဌာနကဖြေဆိုထားပါတယ်။

သူတို့အပြောအရ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူအရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျောင်းသားဗီဇာနဲ့ရောက်လာသူတွေဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆ မြင့်လာတယ်လို့ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ ကျောင်းသားဗီဇာကနေ ခိုလှုံခွင့်တောင်းခံတာကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချခဲ့ပေမဲ့ ခိုလှုံခွင့်တောင်းခံမှုဆက်ရှိနေလို့ ၁၃ ရာခိုင်နှုန်းအထိတောင်းခံမှုဆက်ရှိနေတယ်လို့ အရေးယူမှုလုပ်လာတာလို့ အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးဌာနကပြောခဲ့ပါတယ်။

ဒါပေမဲ့ ယူကေရဲ့အဲဒီလို ကန့်သတ်ချက်က ယူကေမှာပညာသင်နိုင်ရေးအသစ်လျှောက်ထားသူတွေကိုပဲ ဦးတည်ခဲ့တာဖြစ်ပါတယ်။ ခိုလှုံခွင့်နဲ့ နေထိုင်ခွင့်ရှိနေပြီးသားသူတွေအတွက်တော့ သက်ရောက်မှုမရှိခဲ့ပါဘူး။

ယူကေရဲ့ ထုတ်ပြန်ချက်တုန်းကလည်း ပညာရေးဗီဇာကိုအလွဲသုံးသူတွေများလာလို့ အသစ်လျှောက်ထားမှုတွေကို ကန့်သတ်ရတာလို့ပြောခဲ့ပါတယ်။

ကွာစီ ဂျမ်ဖီ အာဆီဒူ ရဲ့ ဆောင်းပါးမှာ မြန်မာနဲ့ဆိုင်တဲ့အချက်အလက်တချို့ကို ဘီဘီစီမြန်မာပိုင်းက ဖြည့်စွက်ရေးသားထားပါတယ်။