ဇူလိုင် ၁၁ ရက်သတင်းများအနှစ်ချုပ်-ပဲခူးတိုင်း၊ မဒေါက်နဲ့ ရွှေကျင်မှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက်ရောက်နေ

၂၀၁၈ ခုနှစ်ကရေဘေးကြုံခဲ့ရတဲ့ မဒေါက်မြို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်ကရေဘေးကြုံခဲ့ရတဲ့ မဒေါက်မြို့ (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့ နဲ့ ရွှေကျင်မြို့မှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်းမှာလည်း ဆက်ပြီးတက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော်မှာ ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၁ ပေလောက် ထပ်တက်လာဦးမယ်လို့ မိုးဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ရွှေကျင်မြစ်ရေဟာလည်း ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေ ကျော်ကို ရောက်နေပြီး ၂၄ နာရီအတွင်း ပေဝက်ခန့်ကို ထပ်ပြီးမြင့်တက်လာနိုင်တယ်လို့ သူကပြောပါတယ်။

"ဒီမြို့တွေမှာ စိုးရိမ်ရေမှတ်တက်တာက အဓိကကတော့ မိုးများပြီး တောင်ကျချောင်းရေတွေ ကျလာတာကြောင့်လို့ ပြောရမယ်" လို့ ဦးကျော်မိုးဦးကပြောပါတယ်။

လက်ရှိ ရွှေကျင်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေထဲမှာ ရေပြည့်ရေလျှံတာတွေ ဖြစ်နေပြီလို့ ရွှေကျင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

"အခု အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေစဝင်နေပါပြီ။ အနိမ့်ပိုင်းကလူတွေကိုတော့ အမြင့်ပိုင်းကို ပြောင်း‌ရွှေ့ထားပါတယ်။ ထပ်တက်လာရင်လည်း ကူညီပေးဖို့ အသင့်ပြင်ထားပါတယ်" လို့ သူကပြောပါတယ်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် ဒီနေ့ကနေ ဇူလိုင် ၁၈ ရက်အထိ ပဲခူးတိုင်းဒေသကြီးမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ပဲခူးမြစ်ရေဟာလည်း ဒီနှစ်မိုးနှောင်းကာလမှာ စိုးရိမ်ရေအမှတ်ကို တက်လာနိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကျော်ခဲ့တာကြောင့် လူပေါင်း ၅ သောင်းနီးပါး ရေ ဘေးသင့်ခဲ့ဖူးပါတယ်။

မ‌ကွေးမှာ စစ်တပ် နဲ့ ရဲကွန်မန်ဒို ပိတ်ဆို့တိုက်ခိုက်မှုကြောင့် PDF အယောက် ၂၀ သေဆုံး

 ဇူလိုင် ၁၀ ရက်နေ့က မ‌ကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာရွာအနီး စစ်တပ် နဲ့ ရဲကွန်မန်ဒို စစ်ကြောင်းထိုးတိုက်ခိုက်မှုအပြီးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Telegram

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၀ ရက်နေ့က မ‌ကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာရွာအနီး စစ်တပ် နဲ့ ရဲကွန်မန်ဒို စစ်ကြောင်းထိုးတိုက်ခိုက်မှုအပြီးမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မကွေးတိုင်း၊ ချောက်မြို့နယ် နဲ့ ရေနံချောင်းကြားက တောင်သာရွာအနီးမှာ PDF တပ်ဖွဲ့ဝင် အယောက် ၂၀ ကို စစ်တပ် နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တွေထွက်ပေါ်လာခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က စစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေလိုက်ပါလာတဲ့ အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ရင်း PDF တပ်ဖွဲ့ဝင် အယောက် ၂၀ ကျဆုံးခဲ့တယ်ဆိုတာကို မကွေးခရိုင်၊ အမှတ် (၃) တပ်ရင်းတာဝန်ရှိသူက အတည်ပြုပါတယ်။

မြေပြင်အခြေအနေသိရှိသူတစ်ဦးကတော့ "သူတို့လာရင်‌ဆော်ဖို့ ကင်းပုန်းဝပ်နေတုန်း ဟိုဘက်ကဒရုန်းတွေ နဲ့ချ၊ လက်နက်ကြီးတွေ နဲ့ ပစ်၊ နှစ်ဖက် ညှပ်ပိတ်တာခံလိုက်ရတယ်" လို့ ပြောပါတယ်။

စစ်တပ်က အဲဒီတိုက်ခိုက်မှုမှာ လေကြောင်းတိုက်ခိုက်မှု တွေလည်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ တောက်လျှောက်ပျံဝဲသွားတာကို ချောက်မြို့ပေါ်မှာ နေထိုင်သူတွေက အတိုင်းသားကြားနေရတဲ့အကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး၊ မကွေးခရိုင်၊ အမှတ် (၁) တပ်ရင်းက ၁ ဦး နဲ့ အမှတ် (၃) တပ်ရင်းက တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးသွားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ရဲကွန်မန်ဒိုတပ်ဖွဲ့ စစ်ကြောင်းကို ဒုရဲမှူးကြီး ကျော်သူဦးစီးပြီး အဲဒီတိုက်ခိုက်မှုအတွင်း PDF ရုပ်အလောင်း ၂၀ နဲ့ ချေမှုန်းရေးရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်ရရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံမှ သိရပါတယ်။

ရန်ကုန်မှာ မိခင်နဲ့ လူချင်းကွဲပြီး ၄ နှစ်နီးပါး မိသားစုနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကလေးငယ် မိသားစုနဲ့ ပြန်တွေ့ဆုံ

၃ နှစ်နဲ့ ၈ လ ကြာမိသားစုနဲ့ အဆက်အသွယ်မရဖြစ်ပြီး ဖခင်နဲ့ ကလေးပြန်ဆုံ

ဓာတ်ပုံ ရင်းမြစ်, မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်း

ဓာတ်ပုံ ပုံစာ, ၃ နှစ်နဲ့ ၈ လ ကြာမိသားစုနဲ့ အဆက်အသွယ်မရဖြစ်ပြီး ဖခင်နဲ့ ကလေးပြန်ဆုံ

အသိပေးဖြည့်စွက်ပြင်ဆင်ချက် - အထက်ပါသတင်းနဲ့ ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်မှာ ဘီဘီစီက ထပ်မံရရှိတဲ့ သတင်းအချက်အလက်သစ်တွေအရ သတင်းကိုပိုမိုတိကျအောင်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။

ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲပြီး ၃ နှစ်နဲ့ ၈ လ ကြာမိသားစုနဲ့ အဆက်အသွယ်မရဖြစ်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် မောင်အောင်မင်းခန့် ကို ၂၀၂၆ ဇူလိုင် ၉ ရက် မှာ မိဘရင်းထံကို ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်းက အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးသီဟဝင်းက ပြောပါတယ်။

မော်လမြိုင်၊ ကျိုက်မရောဇာတိ မောင်အောင်မင်းခန့်ဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်း သူ့ အသက် ၅ နှစ်ကျော် အရွယ် မှာ မိခင်နဲ့ လူချင်းကွဲပြီးနောက် ရန်ကုန်မြို့မှာ ကျင်လည်ခဲ့ရပြီး မိသားစုနဲ့အဆက်အသွယ်ပြတ်ခဲ့တာ ၃ နှစ်နဲ့ ၈ လ ကြာရှိပြီလို့ ဆိုပါတယ်။

ဦးသီဟဝင်းရဲ့ ပြောပြချက်အရ မိဘတွေနဲ့ မအပ်နှံခင် ဇူလိုင် ၃ ရက်ညပိုင်းက ကလေးငယ်ဟာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းအနီးမှာ သွားလာနေခဲ့ပါတယ်။ ဒါကြောင့် စျေးဆိုင်တချို့ကနေ ကလေးငယ်ကို ကူညီပေးဖို့ မေတ္တာစေတနာဒါနကူညီ ပရဟိတအသင်းကို ဆက်သွယ်လာရာကနေ ကလေးကို မိဘရင်းတွေနဲ့ အဆက်အသွယ်ရအောင် နောက်ထပ် ပရဟိတအဖွဲ့ တချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

''ကလေးကို ကမ္ဘာအေးဘုရားလမ်းကနေ ကျွန်တော် သွားခေါ်လာပြီးနောက် ကျွန်တော်တို့အသင်းမှာ ကလေးကိုကူညီနိုင်ရေးတိုင်ပင်တယ်။အဲဒီကနေ အဖြူရောင်ကမ်းလက်ပရဟိတအသင်းကနေ ဗိုလ်တထောင်က ကဟာသိုင်းကလေးစောင့်ရှောက်ရေးဂေဟာရဲ့ တာဝန်ခံ ဖုန်းကို ပေးတယ်။ အဲဒီမှာကလေးကို ဂေဟာက တာဝန်ခံ မခိုင်က စောင့်ရှောက်ပေးနေရင်း အဆင့်ဆင့်ချိတ်ဆက်ကြပြီး မိဘရင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ'' လို့ ဦးသီဟဝင်း ကရှင်းပြပါတယ်။

မိဘနဲ့ကလေးအဆက်ပြတ်နေတဲ့ ၄ နှစ်နီးပါးအတွင်းမှာ ကလေးငယ်ဟာ ရန်ကုန်မြို့က မြို့နယ် အချို့မှာ ကလေးတွေကို ပန်းရောင်းခိုင်းတာလိုမျိုး ခိုင်းစားအဖွဲ့တချို့နဲ့ ကြုံခဲ့ရသလို နောက်ဆုံးမှာတော့ ရန်ကုန်၊ဒလမြို့နယ်က အမျိုးသားတစ်ဦးနဲ့တွေ့ကာ မွေးစားခံခဲ့ရသေးတယ်လို့ဆိုပါတယ်။

'' ကလေးက အဲဒီ မွေးစားမိဘဆီကနေလည်း ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ထွက်ပြေးရင်း အဲဒီကနေ ကမ္ဘာအေးဘုရားလမ်းကိုရောက်ပြီး ကျွန်တော်တို့နဲ့တွေ့တာပါ'' လို့ ဦးသီဟဝင်း ကဆိုပါတယ်။

ကလေးငယ်ကို တွေ့ရှိတဲ့နေ့က ကမ္ဘာအေးဘုရားလမ်းမှာတွေ့ရှိခဲ့တာ ဖြစ်လို့ မရမ်းကုန်းရဲစခန်းကို အကြောင်းကြားခဲ့သလို မိဘတွေထံ ပြန်လည်အပ်နှံချိန်မှာလည်း မရမ်းကုန်းရဲစခန်းမှာပဲ ကလေးငယ်ကိုကူညီပေးတဲ့ပရဟိတအဖွဲ့တွေနဲ့အတူ မိဘဆွေမျိုးတွေလက်ထဲ ပြန်လည်အပ်နှံပေးခဲ့တာလို့သိရပါတယ်။

အဲဒီမတိုင်ခင်ကတော့ လူမှုကူညီရေးအသင်းတွေက ကလေးမိဘအရင်းတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကန်ပက်လက် နဲ့ မင်းတပ်ကို တမနက်တည်း လေကြောင်းကနေ ၁၆ ကြိမ်ဗုံးကြဲ

မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, HKL Mindat

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၇ ရက်နေ့ မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပြီးမြင်ကွင်း (ပုံဟောင်း)

စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် နဲ့ မင်းတပ်မြို့တွေကို ဒီနေ့တမနက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ကန်ပက်လက်အရှေ့ခြမ်းကနေရာတွေကို စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုအပြီးမရှေးမနှောင်းမှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲခဲ့ပြီး အလုံးရေ ၂၅ လုံးကျော်လောက် ကြဲချခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူနဲ့ အဆောက်အဦတွေ ထိခိုက်၊ သေဆုံးမှုတွေကို တော့ အတိအကျမသိရသေးပါဘူး။

စစ်တပ်ဟာ မင်းတပ်မြို့နယ် နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အင်အား ၂,၀၀၀ ဝန်းကျင် နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒီနှစ် မေလလယ်ကစပြီး ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ပြောထားပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ကို နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မင်းတပ်မြို့ကနေ စစ်ရှောင်နေသူဦးရေ ၁၇,၀၀၀ ခန့်ရှိနေတယ်လို့ မင်းတပ်စစ်ရှောင်ကော်မတီဆီကသိရပါတယ်။

မြန်မာမှာ ဆီပိုစားနေလို့ နိုင်ငံခြားငွေပိုပြီးသုံးနေရတယ်လို့ နေပြည်တော်ပြော

၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ရန်ကုန်မြို့မှာ ဆီဝယ်ယူဖို့ တန်းစီနေကြတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ရန်ကုန်မြို့မှာ ဆီဝယ်ယူဖို့ တန်းစီနေကြတဲ့မြင်ကွင်း (ပုံဟောင်း)

မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီရဲ့ စားသုံးဆီ စားသုံးမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်ထက် များစွာကျော်လွန် နေပြီး ဒီအတွက် အသုံးပြုရတဲ့ နိုင်ငံခြား‌ငွေပမာဏကလည်း ပိုများလာစေတယ်လို့ နေပြည်တော်သမ္မတရုံးပြောခွင့်ရဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

WHO ရဲ့ အကြံပြုချက်အရ လူတစ်ယောက်ဟာ စားသုံးဆီ တစ်နှစ်ကို ၆ ဒသမ ၅ ပိဿာသာ စားသုံးသင့်ပြီး မြန်မာမှာတော့ လူတစ်ဦးဟာ တစ်နှစ်ကို ၁၁ ပိဿာလောက် စားသုံးနေတာလို့ ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။

"ဆီစားသုံးမှုများလာတဲ့အတွက် နိုင်ငံခြား‌ငွေသုံးစွဲရမှုလည်း များပြားလာပါတယ်။ နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီး တော့ချင့်ချိန်ဆောင်ရွက်ရတာကြောင့် ဆီ Quota လျှော့ချမှုတွေလည်းဖြစ်လာပါတယ်" လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

လူထုက စားအုန်းဆီ တစ်ပိဿာကို ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဝယ်နေရတဲ့အပေါ် ဒေါ်ခိုင်ခိုင်စိုးက ရှင်းလင်းပြောကြားခဲ့တာပါ။

ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တစ်လကို စားသုံးဆီ တန်ချိန် ၅ သောင်းကျော်တင်သွင်းနေရတယ်လို့ ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁,၁၅၀ နဲ့ တန်ချိန် ၅ သောင်းကျော်အတွက် လစဉ် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် အကုန်ကျခံဆောင်ရွက်ပေးနေတယ်လို့ သူကပြောပါတယ်။

နေပြည်တော်ဟာ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချဖို့ ဇူလိုင်လဆန်းမှာပဲ ပြည်ပကနေ စားအုန်းဆီတင်သွင်းမှု ၆ ရာခိုင်နှုန်းလောက်လျှော့ချလိုက်ပါတယ်။

အဲဒီလိုလျှော့ချပြီးတဲ့နောက် ပြည်တွင်း ခွဲတမ်းတွေလည်း လျော့ကျသွားတာပါ။

ပြီးခဲ့တဲ့ဇွန်လတုန်းက စားအုန်းဆီ တစ်ပိဿာရဲ့ လက်ကားဈေးနှုန်းဟာ ကျပ် ၁၂၀၀၀ နဲ့ လက်လီ ဈေးနှုန်းကတော့ ကျပ်၁၅၀၀၀ ကျပ်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ စားအုန်းဆီဈေးနှုန်းတွေကတော့ ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ အထိ မြင့်မားနေပြီး ဝယ်ယူရတာလည်း ခက်ခဲနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

အခုလို စားအုန်းဆီဈေးတွေတက်လာရတာဟာ ဝိသမလောဘသားတွေ ကြောင့်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ မနစ်နာရအောင်လည်း စိစစ်ဆောင်ရွက်သွားမယ်လို့ ဒေါ်ခိုင်ခိုင်စိုးကပြောထားတာပါ။