ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြစတြေးလျ အိုးပင်းကို ၈ကြိမ်မြောက် ရယူခဲ့တဲ့ နိုဗတ် ဂျိုကိုဗစ်
၂၀၂၀ခုနှစ်ရဲ့ ပထမဆုံး ဂရန်စလန် တင်းနစ်ပြိုင်ပွဲမှာတော့ ဆားဘီးယားက လက်ရှိ ချန်ပီယံ နိုဗတ် ဂျိုကိုဗစ်က ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ၃၂နှစ် ရှိတဲ့ ဂျိုကိုဗစ်အတွက် သြစတြေးလျ အိုးပင်းပြိုင်ပွဲ သမိုင်းတစ်လျောက် စံချိန်တင် ၈ကြိမ်အထိ ရခဲ့တာပါ။ ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ဟာ သြစတြီးယား ကမ္ဘာ့နံပါတ် ၅ ဒိုးမနစ်သိမ်းကို ခက်ခက်ခဲခဲ ကစားခဲ့ပြီး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ဟာ ပထမပွဲမှာ ၆-၄နဲ့ အသာစီး ရိုက်ခဲ့ပြီး အနိုင်ယူခဲ့ပေမယ့် ဒုတိယနဲ့ တတိယပွဲတွေမှာ ဒိုးမနစ်ရဲ့ အကောင်းဆုံး တုန့်ပြန်မှုကြောင့် ရုန်းကန်ခဲ့ရတာပါ။ ဒိုမနစ်က ၆-၄၊ ၆-၂နဲ့ ပြန်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ၂-၁ပွဲနဲ့ ဦးဆောင်ခဲ့ပြန်ပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်တိုင်း သြစတြေးလျအိုးပင်းမှာ ဗိုလ်စွဲလေ့ရှိတဲ့ ဂျိုကိုဗစ်အတွက် အကောင်းဆုံးပြန်လာခဲ့ပြီး နောက်ဆုံး ၂ပွဲဆက် နိုင်ပြီး ချန်ပီယံ ဆုကို ကာကွယ်နိုင်ခဲ့တာပါ။ နိုဗတ်ဂျိုကိုဗစ်ဟာ ဒုတိယနဲ့ တတိယပွဲမှာ ခက်ခက်ခဲခဲ ရိုက်ခဲ့ရသလို ဒိုးမနစ်ရဲ့ အကောင်းဆုံး လက်စွမ်းကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် စတုတ္ထပွဲကနေ စပြီး ဂျိုကိုဗစ်ရဲ့ ချန်ပီယံ လက်စွမ်းပြရခဲ့ပြီး အမှားနည်းခဲ့သလို ဒိုးမနစ်ကို ၆-၄၊ ၄-၆၊ ၂-၆၊ ၆-၄၊ ၆-၄ ၃ပွဲ ၂ပွဲနဲ့ နိုင်ပြီး သြစတြေးလျ အိုးပင်းပြိုင်ပွဲကို ၈ကြိမ်အထိရခဲ့ပါ။
ဂျိုကိုဗစ်အတွက် သူ့ရဲ့ တင်းနစ် သက်တမ်းတစ်လျောက် ၁၇ကြိမ်မြောက် ဂရန်စလန် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့သလို အဓိက ပြိုင်ဖက် ဖက်ဒါရာ၊ နာဒါးလ်တို့ရဲ့ နောက်မှာ ကလပ်လျက်ရှိနေပြီဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ဂရန်စလန် တင်းနစ်ပြိုင်ပွဲတွေရဲ့ ၇ပွဲမှာ ၅ပွဲအထိ ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့အဆင့် ၁နေရာကို ပြန်ရလာခဲ့တာပါ။ ဒုတိယရခဲ့တဲ့ ဒိုးမနစ် သိမ်းကတော့ သူ့အတွက် ဂရန်စလန် ဗိုလ်လုပွဲ ၃ကြိမ်စလုံးကို ရှုံးခဲ့ပြီး ပထမဆုံး ဂရန်စလန် ချန်ပီယံဆုကို ထပ်ပြီး စောင့်ရဦးမှာ ဖြစ်ပါတယ်။
ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ အမေရိကန် ဒေါ်လာ ၃သန်းအထိ ရရှိခဲ့သလို တင်းနစ်သက်တမ်းတစ်လျောက် စုစုပေါင်း သန်း ၁၄၀ကျော် ရလာခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသမီးဖက်မှာတော့ အမေရိကန် တင်းနစ်မယ် ဆိုဖီယာ ကင်နင်က စပိန်က မူဂူရူဇာကို အနိုင်ရပြီး ပထမဆုံး ချန်ပီယံဆုကို ရခဲ့ပါတယ်။
ဂရန်စလန် ချန်ပီယံများ
၁) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၂၀ကြိမ်
၂) နာဒါးလ် ( စပိန် ) - ၁၉ကြိမ်
၃) ဂျိုကိုဗစ် ( ဆားဘီးယား ) - ၁၇ကြိမ်
ဂျိုကိုဗစ် သြစတြေးလျ မှတ်တမ်း
၂၀၀၈ - ချန်ပီယံ
၂၀၀၉ - ကွာတားဖိုင်နယ်
၂၀၁၀ - ကွာတားဖိုင်နယ်
၂၀၁၁ - ချန်ပီယံ
၂၀၁၂ - ချန်ပီယံ
၂၀၁၃ - ချန်ပီယံ
၂၀၁၄ - ကွာတားဖိုင်နယ်
၂၀၁၅ - ချန်ပီယံ
၂၀၁၆ - ချန်ပီယံ
၂၀၁၇ - ဒုတိယအဆင့်
၂၀၁၈ - စတုတ္ထအဆင့်
၂၀၁၉ - ချန်ပီယံ
၂၀၂၀ - ချန်ပီယံ