ဇူလိုင်လ ၂၀ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးမှာပူးပေါင်းရေးနဲ့ ဆွေးနွေးချက်အချို့ကို နေပြည်တော်နဲ့ TNLA လက်မှတ်ထိုး တဲ့ သတင်းအပါအဝင် ဇူလိုင် ၂၀ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကချင်ပြည်နယ်နဲ့ဆက်နေတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကို အင်အားဖြည့်တင်းဖို့ မြန်မာစစ်တပ်က ချင်းတွင်းမြစ်ရေတက်ချိန်ကို အသုံးချနေပါတယ်။
တိုက်ခိုက်ရေးစစ်သင်္ဘောတွေ လုံခြုံရေးယူပြီး ရေတပ်ရေယာဉ်တွေနဲ့အားဖြည့်ထားတဲ့ စစ်တပ်ထောက်ပို့တွဲသင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ် ရေမိုင် ၄၅၀ နီးပါးကို ဆန်တက်ပြီး ဟုမ္မလင်းကို ရောက်နေပါတယ်။
ဝမ်းပြားနဲ့ တွဲသင်္ဘောတွေလည်း ပါဝင်တဲ့ ဒီထောက်ပို့ စစ်သင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းတိုင်းထဲ လက်နက်နဲ့ ရိက္ခာအင်အားတွေ ဖြန့်ချထားခဲ့တယ်လို့ သင်္ဘောအုပ်စုလမ်းကြောင်းကို စောင့်ကြည်တဲ့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ ခရီးစတင်တဲ့ဒီသင်္ဘောအုပ်စုမှာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဝန်ထမ်းတွေလိုက်ပါလာပြီး လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာထုတ်တွေလည်း သယ်ဆောင်လာတယ်လို့ သူတို့က ဆိုပါတယ်။
ဒီသင်္ဘောအုပ်စုဟာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ကနီနဲ့ မင်းကင်းမြို့နယ် ရေပိုင်နက်ကို ဖြတ်ချိန်မှာ ဒရုန်းတွေအပါအဝင် ပုံစံမျိုးစုံနဲ့တိုက်ခိုက်ခံရလို့ သင်္ဘော ၃ စင်းထက်မနည်း ပျက်စီးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဆိုပါတယ်။
ချင်းတွင်းမြစ် ရေတက်ချိန် ရေမိုင်ခရီးရာချီကို ဆန်တက်တဲ့စစ်တပ်က ရေလမ်းတစ်လျှောက်ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ ဒီရေကြောင်းခရီးကို ဘာကြောင့်အလေးထားသင့်လဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
ယူကေမှာ ပြီးခဲ့တဲ့နှစ်နှစ်က ရွေးကောက်ပွဲ အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆာ ကီယာစတာမာနုတ်ထွက်သွားပြီး သူ့နေရာကို လေဘာပါတီခေါင်းဆောင်အဖြစ် ဆက်ခံခဲ့တဲ့ အင်ဒီဘာနမ်က ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ဗြိတိသျှဘုရင်ကြီး ချားလ်စ်နဲ့တွေ့ဆုံ အစိုးရဖွဲ့ခွင့်တောင်းပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့ပါပြီ။
ဒါ ယူကေမှာ လေးနှစ်အတွင်း ငါးယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာသူပါ။
ဗြိတိသျှစံတော်ချိန် ဒီနေ့ အစောပိုင်းမှာတော့ ဆာ ကီယာစတာမာက အမှတ် ၁၀ ဒေါင်းနင်းလမ်းဝန်ကြီးချုပ်ရုံးရှေ့မှာ သူနုတ်ထွက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
အဲဒီလို ကြေညာချိန်မှာ ဆာ ကီယာက သူ့တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း၊ သူဟာ နိုင်ငံကို သူဆက်ခံရယူချိန်ကထက် ပိုကောင်းတဲ့ အခြေအနေမှာ ထားခဲ့နိုင်ပြီလို့ ယုံကြည်ကြောင်း၊ ဒါကြောင့် အပြုံးနဲ့ထွက်ခွာမှာဖြစ်ကြောင်း ပြောသွားပါတယ်။
အဲဒါအပြီးမှာတော့ ဆာ ကီယာက ဘာကင်ဟမ်နန်းတော်ကိုသွားပြီး ဘုရင်ကြီးဆီမှာ တရားဝင်နုတ်ထွက်ခွင့်ပြုဖို့ ပန်ကြားပါတယ်။
ချားလ်စ်ဘုရင်ကလည်း လက်ခံလိုက်ပါတယ်။
သူထွက်ခွာအပြီးမှာပဲ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ယူမယ့် အင်ဒီဘာမန်က နန်းတော်ကိုရောက်လာပြီး ဘုရင်ကြီးနဲ့တွေ့တာပါ။
အခုဆို ဆာ ကီယာနုတ်ထွက်လိုက်တဲ့အတွက် ယူကေမှာ သက်ရှိဝန်ကြီးချုပ်ဟောင်း ကိုးဦး အထိ ရှိနေတော့မှာပါ။
သူတို့ကတော့ ဂျွန်မေဂျာ၊ တိုနီ ဘလဲယား၊ ဂေါ်ဒန်ဘရောင်း၊ ဒေးဗစ် ကင်မရွန်း၊ ထရီဆာ မေ၊ ဘောရစ် ဂျွန်ဆင်၊ လစ်ဇ် ထရပ်ဇ်၊ ရစ်ရှီ ဆူးနက်နဲ့ ဆာ ကီယာစတာမာတို့ ဖြစ်ပါတယ်။
သူတို့ထဲမှာ ဆာဂျွန်မေဂျာက အသက် ၈၃ နှစ်နဲ့ အကြီးဆုံးဖြစ်ပြီး ၄၆ နှစ်အရွယ် ရစ်ရှီဆူးနက်ကတော့ အငယ်ဆုံးဖြစ်ပါတယ်။
အာဆီယံအလှည်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံမှာ မနက်ဖြန်စတင်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးပွဲအတွင်း မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို သီးခြားပြုလုပ်သွားဖို့ရှိတဲ့အကြောင်း ဖိလစ်ပိုင်ဘက်က ထုတ်ပြောလာပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရေးရာ ပြောခွင့်ရသူ ဒေါမနစ် အင်ပီရီယယ်က ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးတိုးတက်မှုကို ဘယ်လိုတိုင်းတာမလဲ၊ အာဆီယံ ဝန်ကြီးတွေ မြန်မာ့အရေး ဘာတွေလုပ်ကြဖို့ ရှိလဲဆိုတာနဲ့ မြန်မာက အာဆီယံကို ကိုယ်စားပြု တက်ရောက်မယ့်သူတွေ အရေးတွေကို သတင်းထောက်တွေက ပြောခွင့်ရသူကို မေးမြန်းချိန် သူက ပြောသွားတာဖြစ်ပါတယ်။
မြန်မာ့အရေးတိုးတက်မှုကို ဘယ်လိုတိုင်းတာမလဲဆိုတဲ့သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကိုတော့ သူက တိုင်းတာနိုင်မယ့်တိုးတက်မှု ရှိ မရှိကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ဆက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
''လက်ရှိမှာ အရေးကြီးတာကတော့ တိုးတက်မှု တိတိကျကျပြသဖို့လိုပြီဆိုတာမျိုး သဘောတူညီချက် ရှိထားပြီးပါတယ်။ ဒါကြောင့်မို့ ဒီကနေ တဆင့် ဒီတိုးတက်မှုတွေ ဘယ်လိုနယ်ပယ်တွေ ဖြစ်တယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ တိုးတက်မှု မရှိဘူးဆိုရင်လည်း အဖွဲ့ဝင်နိုင်ငံတွေကြား ဒါကို ဆက်ပြီး ဆွေးနွေးကြမှာပါ။ လောလောဆယ်တော့ မြန်မာအာဏာပိုင်တွေနဲ့ရော၊ မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့ပါ ထိတွေ့မှု လုပ်နေပါတယ်။ ဒါကြောင့် ဘယ်လိုဆွေးနွေးမှုပဲ ဖြစ်ဖြစ်၊ ဆုံးဖြတ်တာပဲ ဖြစ်ဖြစ် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ပြီး အခြေခံမှာ ဖြစ်ပါတယ်။'' လို့ ဒေါမနစ် အင်ပီရီယယ်က ပြောပါတယ်။
မနက်ဖြန် မနီလာမြို့မှာ စတင်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ မတိုင်ခင် တစ်ပတ်အလိုတုန်းကတော့ အာဆီယံအလှည်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာ့အရေး အာဆီယံအထူးသံ တာဝန်ယူထားသူလည်းဖြစ်တဲ့ ထရီဇာ လာဇာရိုဟာ ဘန်ကောက်မှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံ ထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးတာဖြစ်ပြီး အာဆီယံနိုင်ငံအများစုက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။
နေပြည်တော်ဘက်က အပြောကို နားထောင်ပြီးတဲ့နောက် နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးမပါဘဲ အစည်းအဝေးပွဲတက်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေချည်းပဲ သီးခြားထပ်မံ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နောက်ပိုင်းမှာ ထုတ်ပြောပါတယ်။
အဲဒီနောက် ဇူလိုင် ၁၃ ရက်မှာတော့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ပတ္တရားမြို့မှာ နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC) က ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ(EROs) တွေက ကိုယ်စားလှယ်တွေနဲ့ သီးခြား လူချင်းတွေ့ဆုံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အာဆီယံအထူးသံဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်တွေနဲ့ အွန်လိုင်းကနေ သီးခြားထပ်မံတွေ့ဆုံထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရေကြီးမှုမှာ အသက် ၁၀ လနဲ့ ၁ နှစ်ကြားရှိ ယောက်ျားလေး ကလေးငယ်တစ်ဦးရဲ့ရုပ်အလောင်း ရေနဲ့မျောပါလာလို့ မိဘတွေကို ရှာဖွေနေတယ်လို့ ဖားကန့်အခြေစိုက် ကွန်းဖောင်ဒေးရှင်းက ပြောပါတယ်။
''အထက်ပိုင်းကနေ ရေထဲ မျောပါလာလို့ ကူညီဆယ်ယူ ပေးထားပါတယ်။ ကလေးကအသက်မရှိတော့လို့ ဖားကန့် ဆေးရုံကြီးကို ပို့ထားပါတယ်။ ကလေး အလောင်းကိုတွေ့ တာက ငှက်ပျောတောရပ်ကွက်၊ ဘိုတဲရုံးနားမှာပါ'' လို့ ဖားကန့် ပရဟိတအဖွဲ့တစ်ခုက ပြောပါတယ်။
ဖားကန့်မြို့မှာ မိုးရွာသွန်းမှုများပြီး ဥရုချောင်းရေဝင်ရောက်မှုကြောင့် မြို့အနိမ့်ပိုင်းရပ်ကွက် ၅ ခုမှာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။
ဒီနှစ်မိုးရွာသီကာလအတွင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု ၇ ကြိမ် ထက်မနည်းဖြစ်ခဲ့ပြီး ဒီမိုးကာလမှာ အဆိုးဆုံးဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
''တကြိမ်ကို ထမင်းထုတ် ၂,၅၀၀ လောက်ဝေနေရပါတယ်။ ဒီနေ့ ရေနည်းနည်းကျပေမဲ့ ဆက်ရှိနေပါတယ်။ ရေဘေးသင့်သူတွေကို ဖားကန့်က ဘုန်းတော်ကြီးကျောင်းတွေမှာ ထားရှိပေးထားတယ်'' လို့ ပရဟိတအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့အောက်ဘက်ခြမ်းမှာရှိတဲ့ အေးမြသာယာ၊ မှော်ဝမ်း၊ ငှက်ပျောတော၊ မြို့မ နဲ့ မရှိကထောင်ရပ်ကွက်က နေအိမ်တွေရဲ့မြေညီထပ်တွေ ရေမြုပ်နေပြီလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
ကူညီကယ်ဆယ်ရေး မရှိတာကြောင့် ဖားကန့်ရေကြီးမှုအတွင်း နေအိမ်မှာ ပိတ်မိနေတဲ့သူကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေးလုပ်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း မြို့ခံတစ်ဦးက ဆိုပါတယ်။
မိုးဇလဌာနကတော့ ကချင်အပါအဝင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နောက်၂ ရက်အထိ မိုးပိုများလာနိုင်တယ်လို့ သတင်းထုတ်ထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား အောင်ပွဲရအသင်း စပိန်နဲ့အတူ အကောင်းဆုံးကစားသမားဆုရှင်တွေကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်။
အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်)ကိုတော့ စပိန်အသင်းဂိုးသမား အူနိုင်း ဆီမွန် ရရှိပါတယ်။ သူဟာ ကမ္ဘာ့ဖလားမှာ ပွဲပေါင်း ၈ ပွဲကစားခဲ့ပြီး ၁ ဂိုးပဲ ပေးခဲ့ရတဲ့ဂိုးသမားဖြစ်ခဲ့တာကြောင့် အခုဆုရတာဖြစ်ပါတယ်။
ဂိုးတွေ တဒိုင်းဒိုင်းသွင်းလို့ ချီးမြှင့်တဲ့ ဂိုးသွင်းအများဆုံးကစားသမားဆု ရွှေဖိနပ်ဆုကိုတော့ ပြင်သစ်ကစားသမား ကီလီယမ် အမ်ဘတ်ပေးက ရရှိပါတယ်။ သူက အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်လာတာပါ။
မက်ဆီဟာ အဖွင့်ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းခဲ့လို့ ဂိုးတွေအများကြီးနဲ့ အစောပိုင်းမှာ ဦးဆောင်ပြီး အာဂျင်တီးနားနဲ့အတူ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမဲ့ နောက်ပိုင်း ဂိုးပေါက် ပျောက်နေခဲ့တာကြောင့် အမ်ဘတ်ပေက သူ့ကို ကျော်ပြီး ဂိုးသွင်းစံချိန်တင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမ်ဘတ်ပေဟာ မက်ဆီကို ကျော်ပြီး သွင်းဂိုး ၂၂ ဂိုးနဲ့ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံး စံချိန်ချိုးသွားတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားအဖြစ် စပိန်အသင်း ခေါင်းဆောင် ရိုဒရီ ချီးမြှင့်ခံရပါတယ်။ ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့သလို စပိန်အသင်းကို ကမ္ဘာ့ဖလားဆု ရရှိဖို့ ဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံရပြီး အခုလိုချီးမြှင့်ခံရတာဖြစ်ပါတယ်။
စပိန်အသင်း ကစားသမား အသက် ၁၉ နှစ်အရွယ် ပေါင် ကူဘာစီးဟာလည်း ဖီဖာရဲ့အသက်အသက်ဆုံးကစားသမားဆု ရပါတယ်။
ကမ္ဘာ့ဖလားဆုယူပွဲအပြီးမှာတော့ ဆုရှင် စပိန်အသင်းသားတွေကို ဖီဖာဥက္ကဋ္ဌက အခုနှစ်အတွက် ဖီဖာလက်စွပ်အကွင်း ၃၀ ကို ချီးမြှင့်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးလုပ်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတာက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အဓိကအတားအဆီးတစ်ရပ်အဖြစ် ဆက်ရှိနေကြောင်း လည်းထည့်ပြောထားပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ NLD ကပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ကြိုးပမ်းရာမှာ ထိတွေ့ဆက်ဆံရေးမူဝါဒလက်တွေ့ဆန်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်ပေမဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့ အဆင့်ကို မရောက်ဖို့လည်း တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို အမှန်တကယ်လိုအပ်တဲ့ နေရာတ္ပေကို အတားအဆီး၊ အကန့်အသတ်မရှိ ရောက်ရှိစေဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးက လိုအပ်ပေမဲ့ လူထုရဲ့ ယုံကြည်လက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြည့်ဝစွာ ရရှိဖို့ ခက်ခဲမယ်လို့လည်း ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာ့အရေးကို ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း အာဆီယံရဲ့ ထပ်မံအတည်ပြုခဲ့ခြင်းကို ကြိုဆိုတယ်လို့လည်းပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အခုကြေညာချက်ကို ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်မှာ ဖိလစ်ပိုင်၊ မနီလာမြို့မှာပြုလုပ်တဲ့ ဗြိတိန်၊အမေရိကန်၊ ရုရှားနဲ့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းတွေ အများအပြားရှိနေတဲ့ ထိုင်းနိုင်ငံမှာ ငွေကြေးခဝါချဖို့အတွက် လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပိုင် တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံအတွက်အလွန်အန္တရာယ်ရှိတဲ့ လုပ်ရပ် အဖြစ် ထိုင်းပြည်သူတွေက ရှုမြင်ကြတယ်လို့ ထိုင်းတက္ကသိုလ် NIDA ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုပြီး နိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေက မြေယာဝယ်ယူတာတွေ၊ "Zero- Budget" ခရီးသွားလုပ်ငန်းတွေဟာလည်း နိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ ထိုင်းပြည်သူ ၁,၃၁၀ ဦးက စစ်တမ်းမှာ ဖြေဆိုထားကြပါတယ်။
Zero Budget ခရီးသွားလုပ်ငန်းဆိုတာကတော့ ခရီးသည်တွေက ခရီးသွားလုပ်ငန်းအေဂျင်စီ၊ ကုမ္ပဏီတွေကို ငွေကြိုတင်ရှင်းထားပြီး ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စီစဉ်တဲ့ ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ ဒေသခံ ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်တွေကို မသုံးဘဲ ကုန်ကျစရိတ်အနည်းဆုံးနည်းလမ်းတွေကို သုံးတာကြောင့် သွားရောက်လည်ပတ်တဲ့ နိုင်ငံအတွက်လည်း အကျိုးအမြတ်မရှိပါဘူး။
အဲဒီစစ်တမ်းကို ဘန်ကောက်မြို့က တက္ကသိုလ်ဖြစ်တဲ့ National Institute of Development Administration (NIDA) က ဇူလိုင် ၁၃ ရက်ကနေ ၁၅ ရက် အတွင်း ပြုလုပ်ခဲ့တာပါ။
ဖြေဆိုသူ ၉၄.၀၅ ရာခိုင်နှုန်း က ထိုင်းနိုင်ငံအတွင်းမှာ ငွေမဲ ကို ငွေဖြူဖြစ်အောင်လုပ်ဖို့ ရည်ရွယ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံအတွက် အလွန်အန္တရာယ်ရှိတယ်လို့ ဖြေဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံသားတစ်ဦးဦး ဒါမှမဟုတ် အဖွဲ့အစည်း၊ ထိုင်းကုမ္ပဏီတွေကို အမည်ခံအသုံးပြုပြီး မြေယာဝယ်ယူတာတွေကလည်း နိုင်ငံအတွက် အလွန်အန္တရာယ်ရှိတယ်လို့ ဖြေဆိုသူ ၈၂.၁၄ ရာခိုင်နှုန်း က ဖြေဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံသားတစ်ဦးဦးကို အမည်ခံအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတည်ထောင်တာတွေ၊ ပြည်တွင်းကုမ္ပဏီတွေမှာ အစုရှယ်ယာအများစုကို နိုင်ငံခြားသားက ကိုင်ဆောင်တာတွေကလည်း အလွန်စိုးရိမ်စရာကောင်းတယ်လို့ ဖြေဆိုသူ ၈၁.၂၁ ရာခိုင်နှုန်း က ပြောပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံသူတွေကသာ လက်ဝါးကြီးအုပ်ထားပြီး ထိုင်းနိုင်ငံသားတွေအတွက် အကျိုးနည်းတဲ့ "Zero-Budget" ခရီးသွားလုပ်ငန်းတွေကိုလည်း ဖြေဆိုသူ ၈၁.၂၉ ရာခိုင်နှုန်း က အလွန်အန္တရာယ်ရှိတယ်လို့ ရှုမြင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေဟာ သူတို့ရဲ့ အလုပ်လုပ်ခွင့် (Work Permit) က ခွင့်ပြုထားတာထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြတယ်လို့ ဖြေဆိုသူ ၇၂.၉၈ ရာခိုင်နှုန်းက ယူဆကြပါတယ်။
ဖြေဆိုသူ ၆၅.၄၂ ရာခိုင်နှုန်း ကတော့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံသားတွေအတွက်သာ သတ်မှတ်ထားတဲ့ ယာဉ်မောင်းအလုပ်၊ ခရီးသွားလမ်းညွှန်အလုပ် စတဲ့ အလုပ်အကိုင်တွေကို လုယူလုပ်ကိုင်နေကြတယ်လို့ လည်း သတ်မှတ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဒီလိုဥပဒေချိုးဖောက်မှုတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းဟာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ တာဝန်ပျက်ကွက်မှုကြောင့်လို့ ဖြေဆိုသူအများစုက ယူဆကြပါတယ်။
ဒီစစ်တမ်းထွက်လာချိန်နဲ့ တစ်ပြိုင်နက် အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးကြပ်မတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက ပြောထားပါတယ်။
စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အနိုင်ရမှုကို "ဘောလုံးလောကအတွက် အောင်ပွဲ" တစ်ခုလို့ ခေါ်တာက ရိုးနေတဲ့စကားလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ စပိန်အနိုင်ရတာကို အဲဒီလို ဖော်ပြတာကို သဘောမတူတဲ့ပရိသတ်တွေကတော့ သိပ်များမယ် မထင်ပါဘူး။
ဖာရန် တောရက်စ်က အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပြီးနောက် အသင်းခေါင်းဆောင် ရိုဒရီဟာ နယူးဂျာစီမြို့မှာ ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အာဂျင်တီးနားအသင်းအတွက် စိတ်မကောင်းဖြစ်နေတဲ့ ကြားနေပရိသတ်တွေ သိပ်ရှိမယ်လို့တော့ မထင်ရပါဘူး။
ကစားသမားတွေရော၊ ပရိသတ်တွေအတွက်ပါ ခက်ခဲပင်ပန်းတဲ့ ဒီပွဲစဉ်မှာ စပိန်အသင်းက အာဂျင်တီးနားအသင်းကို အနိုင်ယူပြီး ဖီဖာ အမျိုးသားကမ္ဘာ့ဖလားဆုကို ဒုတိယအကြိမ် ရရှိသွားခဲ့တာပါ။
ဘောလုံးစွမ်းဆောင်ရည်အပြင် ကိုယ်ကျင့်တရားပိုင်းအရပါ ထပ်ပြောကြမယ်ဆိုရင်လည်း ဒီရလဒ်ဟာ အမှန်တကယ် ထိုက်တန်တဲ့ရလဒ်လို့ ပြောကြသူတွေလည်းရှိပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ၈ မြို့နယ်မှာ ၂၀၂၆ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုဒဏ်ကို အလူးအလဲခံခဲ့ရပြီး နောက်ဆက်တွဲ သက်ရောက်မှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ကူညီပေးရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
မြန်မာစစ်တပ်ရဲ့ဖြတ်လေးဖြတ် ဗျူဟာအဖြစ် ရခိုင်ပြည်နယ်ထဲကို စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားချိန်မှာပဲ ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နဲ့ ဂွစတဲ့ ရခိုင်က ဒေသတွေအပြင် ချင်းပြည်နယ် ပလက်ဝမှာပါ ဇူလိုင်လဆန်းကစလို့ ရေကြီးမှုဒဏ်ကို ခံခဲ့ရပါတယ်။
လူဦးရေ ၁ သိန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။
"ရခိုင်တောင်ပိုင်းမှာ ရေကြီးနေတုန်း စစ်တပ်က ဆက်တိုက်ဗုံးကြဲတာပဲ" လို့ ရေဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုပါ ကြုံနေရကြောင်း အေအေစစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့အပြီးမှာ စစ်တပ်ရဲ့ထိုးစစ်တိုင်းကို မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တုံ့ပြန်မယ်လို့ အေအေက ပြောပါတယ်။
စစ်တပ်က မနေ့ ဇူလိုင် ၁၉ ရက် တစ်ရက်တည်းမှာပဲ မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တို့ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် သံဃာနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတဲ့အခြေအနေကို ဇူလိုင် ၁၉ ရက် ညပိုင်းမှာ သတင်းထုတ်ချိန် အေအေက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ နေပြည်တော် ခေါင်းဆောင်ကိုယ်တိုင်တက်တဲ့အာဇာနည်နေ့ကျင်းပချိန် ရခိုင်ပြည်နယ်ထဲကို ဗုံးကြဲမှုတွေအတွင်း အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး သံဃာ ၃ ပါးအပါအဝင် ပြည်သူ ၂၆ ဦးဒဏ်ရာရခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်အရ သိရပါတယ်။
အေအေကတော့ ဒီလုပ်ရပ်ဟာ နေပြည်တော်ရဲ့ရက် (၁၀၀) ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အပြောနဲ့ အလုပ် ထပ်တူကျမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်ဆိုပါတယ်။
အေအေကတော့ စစ်တပ်ရဲ့ ထိုးစစ်တိုင်းကို ပြည်သူတစ်ရပ်လုံးနဲ့သာမက အေအေကို ယုံကြည်လေးစား အားကိုးနေတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နောက်ပြီး နယ်မြေထိစပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာမြို့နယ် ၁၄ ခု နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကို အေအေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်နေတဲ့ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တွေကိုလည်း ၂၀၂၇ ခုနှစ် မကုန်ခင်မှာ သိမ်းပိုက်သွားမယ်လို့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အစောပိုင်းမှာပြောထားပါတယ်။
လက်ရှိမှာလည်း အေအေဟာ ဂွမြို့နယ်ကို ပေါက်တဲ့ ဧရာဝတီနဲ့ ရခိုင်အစပ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေပါတယ်။
နောက် စစ်တပ်ရဲ့ ရခိုင်စစ်ဌာနချုပ်ရှိခဲ့ရာ အမ်းမြို့နယ်နဲ့ မကွေးတိုင်းကို ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းမှာလည်း စစ်တပ် ရခိုင်ထဲ ဝင်မလာအောင် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း နေသလို ချင်းပြည်နယ်နဲ့ဆက်စပ်ဒေသတွေမှာလည်း ချင်းညီနောင် (စီဘီ)လို အဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းနေပါတယ်။
မြန်မာနိုင်ငံမှာ မြို့အများဆုံး ထိန်းချုပ်ထားနိုင်တဲ့အေအေဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသမှာ အစိုးရမဟုတ်တဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ The Jamestown Foundation က ဇူလိုင် ၁၆ ရက်နေ့ ထုတ် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ရက် (၁၀၀) ငြိမ်းချမ်းရေး အစီအစဉ်မှာပူးပေါင်းရေးအပါအဝင် အချက် ၆ ချက်ပါ ဆွေးနွေးချက်တွေကို TNLA နဲ့ နေပြည်တော် လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တအာင်းတပ် (TNLA) ရဲ့ ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) အဖွဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အခုလို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီအချက် ၆ ချက်တွေကတော့ ဦးမင်းအောင်လှိုင် ရဲ့ ရက် (၁၀၀) ငြိမ်းချမ်းရေးအစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်တွေကို လေးစားလိုက်နာရေး၊ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသအတွင်း လူထုရဲ့လူမှုဘဝ သက်သာချောင်ချိရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးတို့ဖြစ်ပါတယ်။
အဲဒီနောက်မှာ နှစ်ဖက်ဆွေးနွေးချက် မှတ်တမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြတယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။
TNLA ဘက်ကတော့ ဒီဆွေးနွေးပွဲမှာ "တအာင်းပြည်နယ်" သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ ဆွေးနွေးပွဲအကြောင်း သိရှိသူတစ်ဦးက မနေ့ကတည်းက ဘီဘီစီကို ပြောပြပါတယ်။
TNLA ဘက်က တောင်းဆိုတဲ့ တအာင်းပြည်နယ်ထဲမှာ ဘယ်ဒေသတွေ ပါဝင်လည်းဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်မြို့နယ်နဲ့ မန်တုံမြို့နယ်တို့ကိုသာ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ NSPNC ဘက်ကတော့ "ဘယ်ကိစ္စမဆို ဥပဒေနဲ့အညီ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်" လို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
တရုတ်ကြားဝင်မှုနဲ့ TNLA နဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလ နောက်ဆုံးအပတ်မှာ အပစ်ရပ်ခဲ့ကြတာပါ။ နေပြည်တော်မှာ ဦးမင်းအောင်လှိုင် သမ္မတရာထူးစတင်ယူခဲ့ချိန်ကလည်း TNLA က ကြိုဆိုကြောင်း စာထုတ်ပြန်ခဲ့ပါသေးတယ်။
TNLA ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့အထိ နေပြည်တော်မှာ ဆက်ရှိနေဦးမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအချို့ ဆက်ရှိမယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားတာကို ဘီဘီစီကို အတည်ပြုထားပြီး ဘာအကြောင်းအရာတွေဆွေးနွေးလဲဆိုတာကိုတော့ ကိုယ်စားလှယ်အဖွဲ့ ပြန်လာမှ သိရမယ်လိုဆိုပြီးတော့လည်း မနေ့ ဇူလိုင် ၁၉ ရက်ညနေပိုင်းမှာပြောထားပါတယ်။
မင်္ဂလာပါ။ ဇူလိုင် ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။