စက္ကန့် ၄၀ အတွင်း အနိုင်ယူပြီး သန်း ၈၀နဲ့အတူ UFCကို တစ်ကျော့ပြန်လာတဲ့ ကော်နာ မက်ဂရီဂေါ်

ရေးသားခဲ့သည်။

UFC ရဲ့ နာမည်ကျော် ဖိုက်တာ ကော်နာ မက်ဂရီဂေါ်ကတော့ မနေ့က ထိုးသတ်ခဲ့တဲ့ ပွဲမှာ အမေရိကန်ရဲ့ ပရိသတ် အကြိုက် ဖိုက်တာ ဒေါ်နယ်ဆရိုနီကို ၁မိနစ် မပြည့်ခင်မှာတင် အနိုင်ယူခဲ့ပါတယ်။ ၃၁နှစ် အရွယ်ရှိတဲ့ ကော်နာအတွက် ၁၅လကြာ အနားယူနေရာကနေ ပထမဆုံး ပြန်လာတဲ့ ပွဲမှာ စက္ကန့် ၄၀ သာ ထိုးသတ်ခဲ့ရပြီး ပြိုင်ဖက် ဆရိုနီကို အနိုင်ယူခဲ့တာပါ။

၂၀၁၈ခုနှစ်တုန်းက လိုက်ဝိတ်တန်း ချန်ပီယံ ခါဘီကို ၄ချီမြောက်မှာ ရှုံးခဲ့ဖူးခဲ့ ကော်နာအတွက် ဒီပွဲကို သေချာပြင်ဆင်ခဲ့သလို အားလုံး မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး အနိုင်ယူခဲ့တာပါ။ ကော်နာအတွက် နောက်ထပ် အမြန်ဆုံး အနိုင်ရတဲ့ ပွဲအဖြစ် မှတ်တမ်းတင် နိုင်ခဲ့သလို ဆုကြေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ အထိလည်း ရရှိခဲ့တာပါ။

UFC သမိုင်းမှာ စံချိန်တင် ငွေတွေ အများကြီး ရထားတဲ့ ကော်နာဟာ ၂၀၂၀ခုနှစ် အတွင်း ၃ပွဲ ထိုးသတ်ဖို့ရှိသလို UFC နဲ့လည်း ၆ပွဲ ထိုးသတ်ဖို့ စာချုပ်ချုပ်ထားသူဖြစ်ပါတယ်။ ၁၅ လကြာ တစ်ကျော့ပြန်လာတဲ့ သူ့ရဲ့ ပထမဆုံးပွဲမှာ ဒေါ်နယ် ဆရိုနီကို ပွဲစပြီး စက္ကန့် ၄၀အကြာ ဆက်တိုက် ကန်ချက်တွေ၊ ထိုးသတ်ချက်တွေနဲ့ အနိုင်ယူခဲ့ပြီးနောက် သူဟာ UFC မှာ နာမည်ကျော် ဖိုက်တာ တစ်ယောက်အဖြစ် ဆက်ရှိနေသေးတယ်ဆိုတာကို ပြသခဲ့တာပါ။

ကော်နာနဲ့ ဆရိုနီတို့ရဲ့ ပွဲကတော့ လိုက်ဝိတ်၊ ဖယ်သာဝိတ်တန်းမှာ မဟုတ်ဘဲ ဝယ်တာဝိတ်တန်းမှာ ထိုးသတ်တာဖြစ်လို့ သူ့ရဲ့ ပေါင်ချိန်ကလည်း အမြင့်ဆုံးအဖြစ် ပေါင် ၁၇၀ အထိရှိခဲ့တာပါ။ ကော်နာဟာ ဆရိုနီကို အနိုင်ယူပြီးနောက် UFC သမိုင်းတစ်လျောက် မတူညီတဲ့ ဝိတ်တန်း ၃ခုမှာ အလဲထိုး အနိုင်ယူတဲ့ ပထမဆုံး ဖိုက်တာဖြစ်လာခဲ့သလို ဆုကြေးငွေကလည်း ဘယ် UFC ဖိုက်တာမှ မရဖူးတဲ့ သန်း ၈၀ အထိ ရခဲ့တာ ဖြစ်ပါတယ်။

PPV လို့ ခေါ်တဲ့ အပိုထပ်ဆောင်းပြီး ပိုက်ဆံပေးကြည့်ရတဲ့ ဒီလိုပွဲမျိုးကို ယူကေနိုင်ငံနဲ့ အိုင်ယာလန် နိုင်ငံတွေက UFC ပရိသတ်တွေက ပေါင် ၂၀၊ ယူရို ၂၃ အထိ ပေးကြည့်ခဲ့ရသလို အမေရိကန် နိုင်ငံကတော့ ၆၆ ဒေါ်လာ အထိပေးခဲ့ရတာပါ။ ကော်နာနဲ့ ဆရိုနီတို့ရဲ့ ပွဲဟာ အဓိက ပွဲကြီးအဖြစ် နောက်ဆုံးမှ ထိုးသတ်ကြတာဖြစ်ပေမယ့် အဲ့ဒီပွဲကို အချိန်တော်ကြာ စောင့်စားခဲ့ရတဲ့ ပရိသတ်တွေ အတွက်တော့ စက္ကန့် ၄၀နဲ့အတင် အဆုံးသတ်ခဲ့လို့ အားမလို အားမရဖြစ်ခဲ့ကြတာပါ။

အနိုင်ရခဲ့တဲ့ ကော်နာကတော့ သူ့အနေနဲ့ နောက်ထပ် စိတ်ဝင်စားစရာ ထိုးသတ်မယ့် ပွဲတွေရှိသေးတယ်လို့ ဆိုခဲ့သလို UFC ရဲ့ ဥက္ကဌ ဒေနာ ဝှိုက်ကလည်း လာမယ့် ဧပြီ လအတွင်း လိုက်ဝိတ်တန်းက ခါဘီနဲ့ တိုနီ ဖာဂူဆန်တို့ရဲ့ ပွဲက အနိုင်ရသူနဲ့လည်း ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ကော်နာနဲ့ ဆရိုနီပွဲကို လာရောက် ကြည့်ရှု့ခဲ့တဲ့ ဝယ်လ်တာဝိတ်တန်းကပဲ ဂျော့ချ် မက်စ်ဗီဒါးလ်လည်း ကော်နာရဲ့ နောက်ထပ် ပြိုင်ဖက် ဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားသလို နာမည်ကျော် လက်ဝှေ့ချန်ပီယံကြီး မန်နီပတ်ကယောင်နဲ့ လက်ဝှေ့ပွဲလည်း ထိုးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေကတော့ ဖော်ပြထားပါတယ်။