ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူအက်စ် အိုးပင်းမှာ ဂျိုကိုဗစ်ကို ဘယ်သူ တားဆီးမလဲ
၂၀၁၉ ယူအက်စ် အိုးပင်း ဂရန်စလန် တင်းနစ်ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ တစ်နှစ်တာရဲ့ နောက်ဆုံး ဂရန်စလန် ပြိုင်ပွဲကြီးလည်းဖြစ်သလို ဆုကြေးငွေ အများဆုံး ပေးတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ တစ်ခုလုံးကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ သန်း ၅ဝကျော် ပေးမှာဖြစ်ပြီး တစ်ဦးချင်း ချန်ပီယံ ဖြစ်မယ့်သူတွေက အနည်းဆုံး ဒေါ်လာ ၃.၈သန်းစီ ရရှိကြမှာ ဖြစ်ပါတယ်။ နှစ်ယောက်တွဲ ချန်ပီယံတွေကတော့ ဒေါ်လာ ၇ သိန်းအထိ ရရှိနိုင်မှာဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲကတော့ ဒေါ်လာ ၁သိန်းခွဲကျော် ရမှာ ဖြစ်ပါတယ်။
အအောင်မြင်ဆုံးများ
ယူအက်စ် တင်းနစ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံး တင်းနစ် သမားကတော့ ပြိုင်ပွဲ အစောပိုင်း ကာလတွေမှာ ချန်ပီယံဖြစ်ခဲ့ကြတဲ့ အမေရိကန် တင်းနစ်သမား ဝီလျံ၊ ရစ်ချက်နဲ့ ဘီလ်တို့ ၃ဦးပဲ ဖြစ်ပါတယ်။ သူတို့ ၃ဦးက ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ၇ ကြိမ်အထိ ရခဲ့ကြတာပါ။ နောက်ပိုင်း နှစ်သစ်တွေမှာတော့ ဂျေမီ ကော်နာ၊ ဆမ်းပရပ်စ်၊ ဖက်ဒါရာတို့ကတော့ ၅ကြိမ်စီနဲ့ အများဆုံး ရခဲ့ကြပါတယ်။ လက်ရှိ ကစားနေသူတွေထဲဆိုရင် ဖက်ဒါရာဟာ ၂၀၀၄ကနေ ၂၀၀၈ ခုနှစ်အထိ ၅နှစ် ဆက်တိုက် ရခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း အောင်မြင်မှု မရှိတော့တဲ့ ဖက်ဒါရာဟာ ၂၀၁၅ခုနှစ်မှာ နောက်ဆုံး ဖိုင်နယ် တက်ခဲ့ဖူးပါတယ်။ နာမည်ကျော် နိုဗတ် ဂျိုကိုဗစ်နဲ့ ရာဖာ နာဒါးလ်တို့က ၃ကြိမ်စီ ရခဲ့ကြဖူးပါတယ်။
အမျိုးသမီးဖက်မှာတော့ နော်ဝေးနဲ့ အမေရိကန် တင်းနစ်မယ် မိုလ်လာ မယ်လိုရီက ၈ကြိမ်အထိ ချန်ပီယံဖြစ်ဖူးပါတယ်။ သူမရဲ့ နောက်မှာ အမေရကန်ကပဲ ဟယ်လန် မူဒီက ၇ ကြိမ်ရထားပြီး နာမည်ကျော် ဆရီနာဝီလျံက ၆ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။
နောက်ဆုံး ၅ကြိမ် အောင်မြင်မှု
အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲတွေရဲ့နောက်ဆုံး ၅ကြိမ် ချန်ပီယံတွေကို ကြည့်ရင် တစ်ဦးတည်းက ဗိုလ်စွဲ တာထက် ၄ဦးတိတိ ချန်ပီယံဖြစ်ထားကြတာပါ။ လက်ရှိ ချန်ပီယံလည်းဖြစ် ကမ္ဘာ့နံပါတ် ၁ ကစားသမား နိုဗတ် ဂျိုကိုဗစ်က နောက်ဆုံး ၅နှစ်အတွင်း ၂ကြိမ် ချန်ပီယံဖြစ်ထားပြီး ခရိုအေးရှားက မာရင်ချီလစ်၊ ဆွစ်ဇာလန်က စတန်ဝါဝရင်ကာနဲ့ စပိန်က နာဒါးလ်တို့ ချန်ပီယံ ဖြစ်ခဲ့ကြတာပါ။
အမျိုးသမီးဖက်မှာလည်း နောက်ဆုံး ၅နှစ်အတွင်း ချန်ပီယံ ၅ယောက်တိတိ ဖြစ်ထားကြပါတယ်။ ဆရီနာဝီလျံ၊ အီတလီတင်းနစ်မယ် ပန်နက်တာ၊ ဂျာမန်သူ ခါဘာ၊ အမေရိကန်က စတိဗင်နဲ့ ဂျပန်သူ နာအိုမီ အိုဆာကာတို့ပဲ ဖြစ်ကြပါတယ်။
လူစုံ ပါဝင်ကြမယ့် ၂၀၁၉ ပြိုင်ပွဲ
ဒီနှစ်ပြိုင်ပွဲရဲ့ ဆီဒင် သတ်မှတ်ချက်တွေ ထွက်ပေါ်လာခဲ့အပြီးမှာတော့ လက်ရှိ နံပါတ် ၁ တင်းနစ်သမားလည်းဖြစ် လက်ရှိချန်ပီယံလည်းဖြစ်တဲ့ နိုဗတ်ဂျိုကိုဗစ်က နဲ့ အမျိုးသမီးဖက်က နာအိုမီ အိုဆာကာ တို့ ဆီဒင် ထိပ်ဆုံးကနေ သတ်မှတ်ခံခဲ့ရပါတယ်။
၃ကြိမ်ချန်ပီယံ နာဒါးလ်က ဆီဒင် ၂၊ နာမည်ကြီး ရော်ဂျာ ဖက်ဒါရာက ဆီဒင် ၃၊ သြစတြီးယားရဲ့ ဒိုမိနစ်သင်းမ်းက ဆီဒင် ၄ အပါအဝင် နီရှီကိုရီ၊ ချီလစ်၊ ဝါဝရင်ကာတို့ ပါဝင်ကြမှာပါ။ ဗြိတိန်ရဲ့ အန်ဒီမာရေးကတော့ ကြံ့ခိုင်မှု အခြေအနေ ကြောင်း တစ်ဦးချင်း ပြိုင်ပွဲကို မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမျိုးသမီးဖက်မှာတော့ အိုဆာကာ အပြင် ဝင်ဘယ်ဒန် ချန်ပီယံ ဆီမိုနာ ဟာ့လပ်၊ ပြင်သစ်အိုးပင်းချန်ပီယံ ဘာတီ အပြင် ခီဗီတိုဗာ၊ ဆရီနာဝီလျံ၊ ခါဘာ၊ မူဂူရူဇာ၊ ၀ါဇနီယားစကီးနဲ့ ရှာရာပိုဗာတို့ပါဝင်ကြမှာ ဖြစ်ပါတယ်။ အရင် ပြိုင်ဟောင်းတွေ ဖြစ်ကြတဲ့ ဆီရီနာ ဝီလျံနဲ့ ရှာရာပိုဗာတို့ကတော့ ပထမအဆင့်မှာတင် ထိပ်တိုက် ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
ဘယ်သူ ချန်ပီယံဖြစ်မလဲ
အမျိုးသားဖက်မှာ နိုဗတ် ဂျိုကိုဗစ်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်သလို အကောင်းဆုံး လက်စွမ်းကိုလည်း ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ၃၈နှစ် ရှိပြီ ဖြစ်တဲ့ ဖက်ဒါရာဟာ ၆ကြိမ်မြောက် ယူအက်စ်အိုးပင်းကို ပစ်မှတ်ထားပေမယ့် ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်နဲ့ ဆုံတွေ့ဖွယ် ရှိနေပါတယ်။ နာဒါးလ်ကတော့ ပုံမှန်လက်စွမ်းသာ ပြသနိုင်ပါက ပွဲစဉ်ခွဲခဲ့တဲ့ လမ်းကြောင်းအရ ဖိုင်နယ်အထိ အခက်အခဲ မရှိတက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။
အမျိုးသမီးဖက်မှာ ဆရီနာဝီလျံ ရေးပန်းအစားဆုံးဖြစ်နေပြီး ဂရန်စလန် ချန်ပီယံတွေဖြစ်ကြတဲ့ ဘာတေ၊ ဆီမိုနာ ဟာ့လပ်နဲ့ အိုဆာကာတို့လည်း အခွင့်အရေး ရှိနေကြပါတယ်။
နောက်ဆုံး ၁ဝနှစ် အမျိုးသား တစ်ဦးချင်း ချန်ပီယံများ
၂၀၀၉) ဒယ်ပေါ်ထရို ( အာဂျင်တီးနား)
၂၀၁၀) နာဒါးလ် ( စပိန်)
၂၀၁၁) ဂျိုကိုဗစ် ( ဆားဘီးယား)
၂၀၁၂) မာရေးလ် ( ဗြိတိန်)
၂၀၁၃) နာဒါးလ် ( စပိန်)
၂၀၁၄) ချီလစ် ( ခရိုအေးရှား)
၂၀၁၅) ဂျိုကိုဗစ် ( ဆားဘီးယား)
၂၀၁၆) ဝါဝရင်ကာ ( ဆွစ်ဇာလန်)
၂၀၁၇) နာဒါးလ် ( စပိန်)
၂၀၁၈) ဂျိုကိုဗစ် ( ဆားဘီးယား)
နောက်ဆုံး ၁ဝနှစ် အမျိုးသမီး တစ်ဦးချင်း ချန်ပီယံများ
၂၀၀၉) ကလိုက်စတားစ် ( ဘယ်ဂျီယံ)
၂၀၁၀) ကလိုက်စတားစ် ( ဘယ်ဂျီယံ)
၂၀၁၁) စတိုဆာ ( သြစတြေးလျ)
၂၀၁၂) ဆရီနာဝီလျံ ( အမေရိကန်)
၂၀၁၃) ဆရီနာဝီလျံ ( အမေရိကန်)
၂၀၁၄) ဆရီနာဝီလျံ ( အမေရိကန်)
၂၀၁၅) ပန်နက်တာ ( အီတလီ)
၂၀၁၆) ခါဘာ ( ဂျာမနီ)
၂၀၁၇) စတီဗင် ( အမေရိကန်)
၂၀၁၈) အိုဆာကာ ( ဂျပန်)