ကရင့်အာဇာနည် နေ့

ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU က သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလာခဲ့တာ အခုဆို ၆၄ နှစ် မြောက်ခဲ့ပါပြီ။
စောဘဦးကြီးဟာ ၁၉၅၀ ခုနှစ် တုံးက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာမှာ စခန်းချရပ်နားစဉ်မှာ၊ အစိုးရ သတင်းပေးတွေရဲ့ လက်ထောက်ချမှုကြောင့် အစိုးရတပ်က ဝိုင်းရံတိုက်ခိုက်တဲ့ တိုက်ပွဲ အတွင်းမှာ ကျဆုံးသွားတာပါ။
KNU အပါအ၀င် တခြား ကရင်အဖွဲ့အစည်းတွေကလည်း၊ စောဘဦးကြီး ချမှတ်ခဲ့တဲ့ မူ ၄ ချက်ကိုဆက်လက် ကျင့်သုံးနေကြတုန်းပဲလို့ ဆိုကြပါတယ်။

ဒီမူ လေးချက် ကတော့ လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်၊ ပြီးပြည့်စုံသော ကရင်ပြည် အသိအမှတ်ပြုရေး နဲ့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရေးတွေ ဖြစ်တယ်၊ ဒီမူတွေဟာ ဒီကနေ့အထိ ကရင်တော်လှန်ရေး အတွက် လမ်းညွှန်ပဲလို့ သြဂုတ်လ ၁၂ ရက်နေ့ KNLA တပ်မဟာ ၇ မှာ ကျင်းပတဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနားမှာ KNLA စစ်ဉီးစီး ချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောပါတယ်။
ဒီအတွက် အစိုးရနဲ့ အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေး နေတာတွေမှာလည်း အစိုးရဖက်က ပြောနေသလို ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေး လုပ်မလုပ် စောင့်ကြည့် သွားမှာပါလို့ ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောပါတယ်။
၆၄ နှစ် ကြာသွားပြီဖြစ်တဲ့ ဒီမူ ဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပေါ်မှာ အခြေခံတဲ့အတွက် လက်ရှိတနိုင်ငံလုံး အနေအထားနဲ့လည်း အံဝင်နေပါတယ်လို့ ကေအင်ယူအရာရှိငယ်တယောက်က ဘီဘီစီကို ပြောပါတယ်။








