ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မဲဆောက်မှာ မြန်မာ ၁ ဦး FPV ဒရုန်းတွေနဲ့အတူ အဖမ်းခံရ

ထိုင်း -မြန်မာ နယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးကို မြန်မာဘက်ကို ပို့မယ်လို့ ယူဆရတဲ့ဒရုန်းတွေနဲ့အတူ ဖမ်းမိတယ်လို့ ထိုင်း CIB ရဲတပ်ဖွဲ့ ထုတ်ပြောတဲ့သတင်းအပါအဝင် ဇူလိုင် ၂၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မဲဆောက်မြို့မှာ မြန်မာကို ခိုးပို့မယ်လို့ ယူဆရတဲ့ ဒရုန်းတွေနဲ့အတူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်း CIB ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်
  • ဩဂုတ်လမှာ လွတ်ရက်စေ့မယ့် MMA ဖိုက်တာ ဖိုးသော် နောက်အမှုတပ်ခံရပြီး ရုံးထုတ်စစ်ဆေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မက္ကဆီကိုမှာ ဖန်တနဲလ်ထုတ် မူးယစ်ရာဇာလို့ စွပ်စွဲခံရတဲ့တရုတ်ဘွဲ့ရ

    ''အကို ဝမ်က သိပ်ကို အရေးပါတယ်။ သူက နံပါတ် ၁ ပဲ'' လို့ အန်းရစ်က ဟန်ပါပါ ပြုံးပြီးပြောပါတယ်။

    အန်းရစ် က သူ့ နာမည်အရင်း မဟုတ်ပါဘူး။ သူကတော့ သူ့ကိုယ်သူ မက္ကဆီကိုက ဆီနာလိုအာ က ဂိုဏ်းမှာ ထိပ်ပိုင်းက ညှိနှိုင်းရေးတာဝန်ယူထားသူ လို့ ပြောပါတယ်။

    ဆီနာလိုအာပြည်နယ်ရဲ့မြို့တော် ကူလီအာခန် ဆင်ခြေဖုံးရပ်ကွက်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲကနေ သူ စကားပြောနေတာ ဖြစ်ပါတယ်။ သူ့စကားကို ဘယ်သူမှ မကြားနိုင်အောင် အခုလိုနေရာကို ရွေးချယ်တာဖြစ်ပါတယ်။ အသက်သေတဲ့အထိ ပြင်းတဲ့ ဖန်တနဲလ် မူးယစ်ဆေး ထုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဟာ မိုင်ပေါင်း ထောင်ချီအဝေးမှာရှိတဲ့ တရုတ်စက်ရုံတွေကနေ မက္ကဆီကိုမှာရှိတဲ့ဓာတ်ခွဲခန်းတွေအထိ ရောက်လာပုံကို သူ ရှင်းပြပါတယ်။ ဒီပစ္စည်းတွေရဖို့ ထောက်ပို့ ကွင်းဆက်ကြီးတစ်ခုလုံးဟာ အကိုဝမ်ကြောင့် ပေါ်လာတာလို့ဆိုပြီး သူတို့ ဂိုဏ်းအဖွဲ့ဝင်တွေက ထောပနာပြုဟန် ပြောပြပါတယ်။

    ''ဖန်တနဲလ် ရာဇာ'' လို့ ကမ္ဘာမှာ ရာဇဝတ်ကြောင်းနဲ့ နာမည်ကြီးတဲ့ အကိုဝမ်ဟာ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသားဖြစ်ပါတယ်။ သူ့ နာမည်ရင်းက ကျန်းကျီးဒုံလို့ အမေရိကန်တရားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ သူ့ကို ၂၀၂၄ ခုနှစ်တုန်းက မက္ကဆီကို နိုင်ငံမှာ ဖမ်းမိပါတယ်။ ကျန်းဟာ သူ့ကို ဖမ်းထားတဲ့နေရာကနေ ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်အဖမ်းခံရပါတယ်။ အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ကို အပို့ခံရပါတယ်။

    ဂိုဏ်းသားတွေ ပြောပြတဲ့ ကျန်းအကြောင်းကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. မြန်မာကို ပို့မယ်လို့ ယူဆရတဲ့ FPV ဒရုန်းတွေနဲ့အတူ မြန်မာ ၁ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသား ၁ ဦးကို မြန်မာကို နည်းပညာမြင့် FPV ဒရုန်းတွေ ခိုးသွင်းဖို့ကြိုးပမ်းတဲ့သံသယနဲ့ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးရဲတပ်ဖွဲ့(CIB)က သတင်းထုတ်ပါတယ်။

    မဲဆောက်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ခြမ်းကို ဒရုန်းတွေ ခိုးသွင်းတယ်ဆိုတဲ့သံသယနဲ့ သူ့ကို ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့က ဇူလိုင် ၂၁ ရက်မှာသတင်းထုတ်ပါတယ်။

    ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် ကိုမင်းနီဆိုသူဖြစ်ပြီး နည်းပညာမြင့် FPV ဒရုန်း ၄ စင်း၊ ဘောင် ၇ ခု၊ အပိုပစ္စည်း ၁၆ မျိုးတို့နဲ့အတူ ဖမ်းမိတာလို့လည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ထိုင်း CIB ရဲတပ်ဖွဲ့ကတော့ ကိုမင်းနီဟာ အကောက်ခွန်ကို မဖြတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုကနေတဆင့် ပစ္စည်းတွေကို မှောင်ခိုကူးဖို့ ကြိုးပမ်းတာကြောင့် နယ်စပ်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ဆိုပြီး ရဲက ကနဦး သံသယ ဝင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို ထိုင်းစစ်တပ်၊ ရဲနဲ့ အကောက်ခွန်အာဏာပိုင်တွေ ပူးပေါင်းအဖွဲ့တွေက ရှာဖွေရာကနေ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိတာဖြစ်ပြီး ကိုမင်းနီကိုတော့ မဲဆောက်မြို့ အာရှလမ်းမကြီးပေါ်က စားသောက်ဆိုင် တစ်ဆိုင်မှာ ဖမ်းမိတာလို့ ဆိုပါတယ်။

    ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီရှာဖွေ ဖမ်းဆီးတာတွေကို ဘယ်နေ့က လုပ်ခဲ့တယ်ဆိုတာ မပြောပါဘူး။

    ဒရုန်းတွေဟာ ချင်းမိုင်ခရိုင်ကနေ လာတာဖြစ်ပြီး ကိုမင်းဆိုသူက လက်ခံမယ့်အကြောင်းကိုလည်း ဒရုန်းတွေ ထုတ်ပိုးထားတဲ့စက္ကူဘူးတွေမှာ မြင်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဒရုန်းတွေ မှောင်ခိုပို့မယ်ဆိုတဲ့သံသယနဲ့ စွပ်စွဲခံထားရသူ ကိုမင်းနီကတော့ သူဟာ ပစ္စည်းပို့တာပဲ ဖြစ်ပြီး အထုပ်တွေထဲမှာ ဘာပစ္စည်းတွေ ပို့တယ်ဆိုတာကို မသိသလို သူ့ပစ္စည်းတွေ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်း ငြင်းဆိုထားပါတယ်။

    လက်ရှိမှာတော့ သူ့ကို မဲဆောက်ရဲစခန်းမှာ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီလို့ ဆိုပါတယ်။

  3. မင်္ဂလာပါ။

    ဇူလိုင်လ ၂၂ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။